ကမ္ဘာတစ်ပတ် တစ်ကိုယ်တော်ပျံသန်းနိုင်ခဲ့တဲ့ အသက်အငယ်ဆုံးပိုင်းလော့

25-8-2022-yyl-02.jpg

ကမ္ဘာတစ်ပတ် တစ်ကိုယ်တော်ပျံသန်းနိုင်ခဲ့တဲ့ အသက်အငယ်ဆုံးပိုင်းလော့ မက်ခ်

ဆယ်ကျော်သက်ပိုင်းလော့ဟာ ကမ္ဘာတစ်ပတ်ကို လေယာဉ်ငယ်နဲ့ တစ်ကိုယ်တော်ပျံသန်းနိုင်တဲ့ အသက်အငယ်ဆုံး ဖြစ်လာခဲ့ပါတယ်။ ဗြိတိန်မိဘနှစ်ပါးက ဘယ်လ်ဂျီယံနိုင်ငံမှာ မွေးဖွားခဲ့တဲ့ မက်ခ်ရူသာဖို့ဒ်က အသက် ၁၇ နှစ်ပဲ ရှိပါသေးတယ်။ သူဟာ မတ်လ ၂၃ ရက်မှာ ဘူလ်ဂေးရီးယားနိုင်ငံမြို့တော် ဆိုဖီယာကနေ စတင်ထွက်ခွာခဲ့ပြီး ၅ လကြာကာလအတွင်း နိုင်ငံပေါင်း ၅၂ နိုင်ငံကို ဖြတ်သန်းခဲ့တာပါ။

မက်ခ်ဟာ သူ့ရဲ့ခရီးစဉ်တစ်လျှောက် ဆူဒန်နိုင်ငံမှာ သဲမုန်တိုင်း၊ ဒူဘိုင်းရဲ့ ကြောက်မက်ဖွယ် အပူဒဏ်၊ အိန္ဒိယမှာ မမျှော်လင့်ဘဲ လေဆိပ်ပိတ်ထားတာ၊ ပစိဖိတ်သမုဒ္ဒရာထဲက လူမနေတဲ့ ကျွန်းတစ်ကျွန်းမှာ တညအိပ်ခဲ့ရတာ အစရှိတဲ့ ဖြစ်ရပ်မျိုးတွေ ကြုံခဲ့ရပါတယ်။

မက်ခ်ဟာ ဒီခရီးစဉ်မှာ ဥရောပတိုက်၊ အာရှတိုက်၊ အာဖရိကတိုက်၊ အမေရိကန်နဲ့ သမုဒ္ဒရာနှစ်ခုကို ဖြတ်ကျော်ဖြတ်သန်းခဲ့တာပါ။ မက်ခ်မတိုင်ခင် ကမ္ဘာတစ်ပတ် တစ်ကိုယ်တော် ပျံသန်းခဲ့တဲ့ အသက်အငယ်ဆုံးသူကတော့ ၁၈ နှစ်၊ ရက် ၁၅၀ အရွယ်ရှိတဲ့ ဗြိတိန်ပိုင်းလော့ ထရာဗစ်လက်ဒလောပါပဲ။

မက်ခ်ဟာ လေကြောင်းပျံသန်းသူမျိုးရိုးကနေ ဆင်းသက်လာသူဖြစ်ပြီး သူ့ရဲ့အစ်မ ဇာရာကလည်း ကမ္ဘာတစ်ပတ်ကို တစ်ကိုယ်တော်ပျံသန်းနိုင်တဲ့ အသက်အငယ်ဆုံးအမျိုးသမီးအဖြစ် စံချိန်တင်ခဲ့သူပါ။ ဇာရာက ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ သူ့ရဲ့ခရီးစဉ်ကို အောင်မြင်စွာ ပျံသန်းနိုင်ခဲ့တာပါ။ မက်ခ်ရဲ့ခရီးစဉ်အတွက် ဇာရာက အကြံပေးခဲ့ပါတယ်။

သူ့ရဲ့ခရီးစဉ် ပြီးမြောက်ခဲ့ပြီးနောက်မှာတော့ မက်ခ်က ” ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့အိပ်မက်နောက်ကို လိုက်ပါ။ ကြိုးစားအားထုတ်ပြီး ရည်မှန်းချက်အောင်မြင်အောင်လုပ်ပါ” လို့ တိုက်တွန်းခဲ့ပါတယ်။ မက်ခ်ဟာ ၃ နှစ်သားအရွယ်ကတည်းက ပိုင်းလော့ဖြစ်ချင်ခဲ့ပြီး အသက် ၁၅ နှစ်အရွယ်မှာ ပိုင်းလော့လိုင်စင် ရခဲ့တာပါ။

Ref:British-Belgian pilot, 17, becomes youngest to fly around the world solo

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top