ထိုင်းဝန်ကြီးချုပ် ပရာယွတ်ကို ထိုင်းနိုင်ငံအခြေခံဥပဒေတရားရုံးက ရာထူးမှ ဆိုင်းငံ့

25-8-2022-yyl-01.jpg

ရာထူးသက်တမ်းကာလနဲ့ပတ်သက်ပြီး ဥပဒေကြောင်းအရ ဖြေရှင်းဖို့ရှိနေချိန်မှာ ထိုင်းနိုင်ငံ အခြေခံဥပဒေတရားရုံးက ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကို တာဝန်ကနေ ဆိုင်းငံ့ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ထိုင်းနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ ပရာယွတ်ဟာ( ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့) ရာထူးသက်တမ်း ကျော်လွန်နေပြီလို့ အတိုက်အခံပါတီတွေက တရားရုံးမှာ လျှောက်ထားခဲ့ကြတာပါ။

ထိုင်းနိုင်ငံရဲ့အခြေခံဥပဒေအရ ဝန်ကြီးချုပ်ရာထူးမှာ ၈ နှစ်အထိပဲ နေခွင့်ရှိတယ်လို့ ကန့်သတ်ပြဋ္ဌာန်းထားပါတယ်။ စစ်ခေါင်းဆောင်အဖြစ် အာဏာသိမ်းခဲ့တဲ့ ပရာယွတ်ဟာ ၂၀၁၄ ခုနှစ် သြဂုတ်လမှာ သူ့ကိုယ်သူ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့လို့ သူ့ရဲ့ဝန်ကြီးချုပ်ရာထူးသက်တမ်းဟာ အဲဒီအချိန်ကတည်းက စတင်ခဲ့တယ်လို့ အတိုက်အခံတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။ ဒါကြောင့် အခုသီတင်းပတ်မှာ သူ့ရဲ့ရာထူးသက်တမ်း ကုန်ဆုံးမယ်လို့ ထောက်ပြခဲ့ကြတာပါ။

ပရာယွတ်ကို ထောက်ခံသူတွေကတော့ (အခြေခံဥပဒေသစ် စတင်အကျုံးဝင်ခဲ့တဲ့) ၂၀၁၇ ခုနှစ် (သို့) ၂၀၁၉ ခုနှစ် အထွေထွေရွေးကောက်ပွဲပြီးမှသာ သူ့ရဲ့ဝန်ကြီးချုပ်ရာထူးသက်တမ်း စတင်ခဲ့တာလို့ ဆိုပါတယ်။ အဲဒါကြောင့် ပရာယွတ်အနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာသာ အနိုင်ရခဲ့ရင် ၂၀၂၇ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေနိုင်မယ်လို့ ချေပကြပါတယ်။

သြဂုတ်လ ၂၄ ရက်မှာတော့ ထိုင်းနိုင်ငံ အခြေခံဥပဒေတရားရုံးက ဒီအမှုကို ကြားနာဖို့ သဘောတူညီခဲ့ပြီး တရားသူကြီး ၅ ယောက်အနက် ၄ ယောက်က ပရာယွတ်ကို ရာထူးကနေ ချက်ချင်းဆိုင်းငံ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။ တရားရုံးက ပရာယွတ်ရဲ့အမှုကို( ဝန်ကြီးချုပ်အဖြစ် ဘယ်အချိန်မှာ စတင်တာဝန်ယူခဲ့သလဲဆိုတာ) ဘယ်တော့ ဆုံးဖြတ်ချက်ချမလဲဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။

ဘန်ကောက်မြို့ လွှတ်တော်အဆောက်အအုံ အပြင်ဘက်မှာတော့ ဆန္ဒပြသူတွေ စုဝေးပြီး ပရာယွတ်ကို ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ရာထူးစဉ်အရ ပရာယွတ်ကို ရာထူးကနေ ဆိုင်းငံ့လိုက်ရင် ဒုတိယဝန်ကြီးချုပ် ပရာဝစ်ဝုန်ဆုဝမ်က ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူရမှာဖြစ်ပါတယ်။ အစောပိုင်းမှာ အခုနှစ် နိုဝင်ဘာလအတွင်း ရွေးကောက်ပွဲ ကျင်းပဖို့ ရှိတယ်လို့ ဒုတိယဝန်ကြီးချုပ်က ဆိုခဲ့ပေမဲ့ လာမယ့်နှစ် မေလမတိုင်ခင်မှသာ ရွေးကောက်ပွဲကျင်းပဖို့ ရှိနေပါတယ်။

Ref: Prayuth Chan-ocha: Thai court suspends PM and coup leader

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top