COVID-19 ရောဂါသက်သာ သွားပေမယ့် စွဲကျန်ရစ်ခဲ့တဲ့ ရောဂါလက္ခဏာရပ်တွေကို ထုတ်ပြောပြခဲ့တဲ့ ပြဇာတ်မင်းသား အာဒန် ပါရီ

25-6-2020-yyl-002.jpg

Broadway ပြဇာတ်ရုံက မင်းသားတစ်ယောက်ဖြစ်တဲ့ အာဒန် ပါရီဟာ လွန်ခဲ့တဲ့ (၃) လကျော်က COVID-19 ပိုးကူးစက်ခံခဲ့ရတာပါ။ သူက ကူးစက်ခံရတာကနေ ပြန်ကောင်းလာပေမယ့်လည်း အာဒန်က သူ့အလုပ်ကိုတောင် ခြိမ်းခြောက်နေတဲ့ ရောဂါလက္ခဏာရပ်တွေကို ခံစားနေရဆဲဖြစ်တယ်လို့ သိရပါတယ်။ သူက ပြဇာတ်ရုံမှာ ပွဲကြည့်ပရိသတ်တွေကို ထပ်မံဖျော်ဖြေနိုင်ခွင့်ရမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

Frozen ဂီတပြဇာတ်မှာ ပါဝင်ခဲ့တဲ့ အာဒန်ဟာ COVID-19 ကို တွန်းလှန်နိုင်ခဲ့တဲ့သူတွေထဲက တစ်ယောက်ပါပဲ။ အရင်ကဆို သူဟာ ပြဇာတ်ကို နှစ် ၂၀ ကပြဖျော်ဖြေလာခဲ့တဲ့ ကျန်းမာသန်စွမ်းတဲ့သူဖြစ်ပါတယ်။ မတ်လမှာ သူက ရောဂါကူးစက်ခံရပြီး ဧပြီလမှာ ရောဂါကူးစက်ခံရမှုကနေ ပြန်လည်ကောင်းမွန်လာခဲ့ပေမယ့် ဗိုင်းရပ်စ်ရဲ့လက္ခဏာရပ်တွေက ဒီနေ့ထိ ကျန်ရှိနေတယ်လို့ ဆိုပါတယ်။ “ကျွန်တော် ချောင်းဆိုးပြီး ရင်ဘတ်မှာ တင်းကျပ်နေသလို ခံစားခဲ့ရပါတယ်။ အသက်ရှုရခက်ခဲ့တယ်။ ဓာတ်မတည့်တာလည်းဖြစ်ပြီး အရမ်းပင်ပန်းနွမ်းလျခဲ့တယ်”လို့ အာဒန်က ပြောပါတယ်။ ဒာာဒန်က ဒီလက္ခဏာရပ်တွေကို (၁၄) ရက်ကြာ ခံစားခဲ့ရတာဖြစ်ပြီး အဲဒီနောက်မှာတော့ ချောင်းဆိုးတာနဲ့ အသက်ရှုရခက်တဲ့လက္ခဏာရပ်တွေကိုပဲ ခံစားရပါတော့တယ်။ ဗိုင်းရပ်စ်ထက် ဗိုင်းရပ်စ်ရဲ့ဆိုးကျိုးက ပိုဆိုးရွားတယ်လို့ အာဒန်က ပြောပါတယ်။

အာဒန်က ချောင်းဆိုးတဲ့အခါ၊ အသက်ရှုတဲ့အခါ ပြဿနာရှိနေတုန်းပေမယ့် သူ ပြဇာတ်ပြန်မကခင် ပြန်ကောင်းသွားမယ်လို့ ထင်ကြောင်း ပြောပါတယ်။ “ရင်ဘတ်ထဲတင်းကျပ်သလို ဖြစ်လာရင် အသက်ရှုသွင်းရှုထုတ်လုပ်ဖို့ စဉ်းစားပါ။ ဒီလက္ခဏာရပ်တွေကြောင့် သက်တောင့်သက်သာတော့ဖြစ်မှာမဟုတ်ဘူး။ ကြောက်ဖို့ကောင်းတယ်”လို့ အာဒန်က ပြောပါတယ်။ အာဒန်က ဖေ့စ်ဘွတ်မှာလည်း သူ့အခြေအနေအကြောင်းမျှဝေခဲ့ပြီး “အခြားသူတွေလည်း ဒီလိုမဖြစ်ဖို့ ဆုတောင်းပါတယ်။ ဗိုင်းရပ်စ်ရဲ့အကျိုးဆက်က စိတ်ပျက်စရာကောင်းတယ်”လို့ ဆိုပါတယ်။

ရောဂါပိုးကူးစက်ခံရပြီး (၉) ပတ်ကြာတဲ့အထိ ဗိုင်းရပ်စ်လက္ခဏာရပ်တွေ ရှိနေဆဲဖြစ်တဲ့ လူနာတော်တော်များများကို တွေ့နေရတယ်လို့လည်း ဒေါက်တာ ဒါရီယန် ဆူတန်က ဆိုပါတယ်။ ဒီဗိုင်းရပ်စ်က ကမ္ဘာကြီးအတွက် အသစ်ဖြစ်တဲ့အတွက် ဒီပြဿနာကို ဖြစ်စေတဲ့ အကြောင်းအရင်းက သီအိုရီတွေရှိနေပါတယ်။ တချို့လူတွေကတော့ လူတွေကို ဒီလက္ခဏာရပ်တွေခံစားရတဲ့ အကြောင်းအရင်းက ဒီရောဂါက ကိုယ်ခံအားစနစ်ဆဲလ်တွေကို အဆုတ်မှာ ပြည့်ကျပ်စေတာကြောင့် အသက်ရှုရခက်တာတွေ ဖြစ်လာတာဖြစ်နိုင်ပြီး ကိုယ်ခံအားစနစ်က ရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ inflammatory responseကို အစပျိုးနေတာဖြစ်တယ်လို့ ဆိုကြပါတယ်။

အာဒန်ရဲ့စိုးရိမ်ပူပန်မှုနဲ့ပတ်သက်ပြီး ဆရာဝန်ဒါရီယန်က လူနာတွေဟာ သူတို့ရဲ့ ရောဂါလက္ခဏာရပ်တွေက အမြဲရှိနေမှာလားလို့ တစ်ချိန်လုံးလာမေးကြကြောင်းနဲ့ အာဒန်လည်း တဖြည်းဖြည်းနဲ့ ပြန်ကောင်းလာမှာဖြစ်တယ်လို့ ပြောပါတယ်။ အာဒန်ကလည်း “စင်မြင့်ထက်မှာ ပြန်ပြီးသီဆို ကပြနိုင်ဖို့နဲ့ပတ်သက်ပြီး အရမ်းစိတ်မအေးနိုင်ဖြစ်နေပါတယ်”လို့ ပြောပါတယ်။ သူ့အဆုတ်စွမ်းဆောင်နိုင်ရည်တိုးအောင် လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။ “ဒါက ကြောက်ဖို့ကောင်းပါတယ်။ ကျွန်တော် Broadway ကဇာတ်ရုံမှာ နှစ် (၂၀) ကြာ သီဆိုကပြဖျော်ဖြေနေခဲ့တာပါ။ ရုတ်တရက်ဆိုသလိုပဲ အခုတော့ ကပြသီဆိုနိုင်စွမ်း မရှိတော့ပါဘူး။ ဒါကြောင့် အရင်လိုပြန်ဖြစ်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်”လို့ အာဒန်က ပြောပါတယ်။

Ref: Broadway actor, COVID-19 survivor Adam Perry talks about lingering symptoms 3 months later

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top