ဘောလုံးအကျော်အမော်ဒေးဗစ်ဘက်ခမ်းနဲ့ ဖက်ရှင်ဒီဇိုင်နာဗစ်တိုးရီးယားဘက်ခမ်းတို့ရဲ့သားအကြီးဆုံးဘရွတ်ကလင်းဘက်ခမ်းဟာ သူ့မိဘတွေရဲ့လူမှုကွန်ယက်အကောင့်တွေကို block ထားတယ်ဆိုတဲ့အကြောင်းတွေ မကြာသေးခင်က ထွက်ပေါ်လာခဲ့ပါတယ်။ လူမှုကွန်ယက်ပေါ်မှာ သူတို့မိသားစုအကြောင်းသတင်းအမျိုးမျိုးထွက်ရှိနေတာကြောင့် ဘရွတ်ကလင်းက သူနဲ့သူ့မိဘတွေကြား တင်းမာနေတဲ့ဆက်ဆံရေးအကြောင်း အမှန်တရားကို ထုတ်ပြောလာခဲ့ပါတယ်။
ဇန်နဝါရီ ၁၉ ရက်နေ့က ဘရွတ်ကလင်းဟာ သူ့ရဲ့အင်စတာဂရမ် Story မှာ စာအရှည်ကြီးနဲ့ ထုတ်ပြောခဲ့တာပါ။ ဘရွတ်ကလင်းက သူ နှစ်ပေါင်းများစွာ တိတ်ဆိတ်နေခဲ့ပြီး ဒီကိစ္စကို လျှို့ဝှက်ထားဖို့ အစွမ်းကုန်ကြိုးစားခဲ့အကြောင်း၊ သူ့မိဘတွေက မီဒီယာတွေကို အကြောင်းကြားခဲ့တဲ့အတွက် မိသားစုရဲ့သဘောထားကွဲလွဲမှုကို လူသိရှင်ကြားဖြေရှင်းဖို့ပဲ ကျန်တော့တယ်ဆိုတဲ့အကြောင်း၊ သူ့မိသားစုနဲ့ ပြန်လည်သင့်မြတ်ချင်တာမဟုတ်ကြောင်း၊ သူ့ကို ထိန်းချုပ်ထားတာမဟုတ်ကြောင်း၊ သူ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ကိုယ့်ကိုယ်ကို ရပ်တည်နေတာဖြစ်ကြောင်းအစချီထားပါတယ်။
သူ့ဘဝတစ်လျှောက်လုံးမှာ သူ့မိဘတွေက သူတို့မိသားစုအကြောင်း လူမှုကွန်ယက်ပို့စ်တွေ၊ မိသားစုနဲ့ပတ်သက်ပြီး မမှန်ကန်တဲ့ဆက်ဆံရေးတွေအကြောင်း သတင်းမီဒီယာမှာ ထိန်းချုပ်ထားတယ်လို့ ဆိုတားပါတယ်။ သူတို့ရဲ့ပုံရိပ်ကို ထိန်းထားနိုင်ဖို့ မီဒီယာတွေမှာ မရေတွက်နိုင်တဲ့ လိမ်ညာမှုတွေကို ထည့်သွင်းဖို့ လုပ်နေတယ်ဆိုတာကို သူ့မျက်စိနဲ့ကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်လို့လည်း ပြောထားပါတယ်။
သူ့မိသားစုက သူ့ဇနီးနီကိုလာပက်ဇ် အပေါ် အဆက်မပြတ်မလေးမစားပြုခဲ့ပြီး မင်္ဂလာပွဲမတိုင်ခင်ကတည်းက သူတို့ရဲ့ဆက်ဆံရေးကို သူ့မိဘတွေက ဖျက်ဆီးဖို့ ကြိုးစားခဲ့တယ်။ မင်္ဂလာပွဲမတိုင်ခင် ၁၁ နာရီလောက်မှာ နီကိုလာရဲ့မင်္ဂလာဝတ်စုံဖန်တီးနေတာကို မိခင်ဖြစ်သူက ဖျက်သိမ်းခဲ့ပြီး ဝတ်စုံအသစ် အရေးတကြီးရှာဖို့ ဖိအားပေးခဲ့တယ်လို့ ဖွင့်ဟထားပါတယ်။
မင်္ဂလာပွဲမတိုင်ခင်ညမှာနီကိုလာဟာ မိသားစုဝင်မဟုတ်ဘူး။ သွေးမတော်သားမစပ်ဘူးလို့ သူ့မိသားစုက သူ့ကို ပြောခဲ့တယ်။ မင်္ဂလာပွဲနေ့မှာလည်း ဇနီးဖြစ်သူနီကိုလာနဲ့အတူ ပထမဆုံးကဖို့ စီစဉ်ထားတာကို မိခင်ဖြစ်သူ ဗစ်တိုးရီးယားက သူနဲ့အတူ ကဖို့ စင်ပေါ်မှာ စောင့်ဆိုင်းနေခဲ့တယ်လို့ ဖွင့်ဟထားပါတယ်။
ဇနီးဖြစ်သူက သူ့ကို ထိန်းချုပ်ထားတယ်ဆိုတဲ့ လုပ်ကြံဇာတ်လမ်းနဲ့ပတ်သက်ပြီးလည်း ငြင်းဆိုထားပါတယ်။ သူ့ဘဝတစ်လျှောက်လုံးမှာ သူ့မိဘတွေက သူ့ကို ထိန်းချုပ်ထားခဲ့တယ်။ အလွန်အမင်းစိုးရိမ်ပူပန်မှုတွေနဲ့ ကြီးပြင်းလာခဲ့ရတယ်။ မိသားစုနဲ့ ဝေးကွာပြီးကတည်းက သူ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် အဲ့ဒီစိုးရိမ်ပူပန်မှုတွေ ပျောက်ကွယ်သွားခဲ့တယ်။ သူ ရွေးချယ်ခဲ့တဲ့ ဘဝအတွက် စိတ်အေးချမ်းသာစွာနဲ့ မနက်ခင်းတိုင်းကို နိုးထခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ သူ့အနာဂတ်မိသားစုအတွက် ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုတွေလိုချင်ရုံပါပဲလို့ အဆုံးသတ်ပြောသွားခဲ့ပါတယ်။
ဘရွတ်ကလင်းနဲ့ နီကိုလာပက်ဇ်တို့ဟာ ၂၀၂၂ ခုနှစ် ဧပြီလ ၉ ရက်နေ့မှာ လက်ထပ်ခဲ့ကြတာပါ။
Ref: Brooklyn Beckham blasts parents David and Victoria, says family ‘controlled’ him for years
WL (ရိုးရာလေး)

