ကပ်ရောဂါအတွင်း အချိန်ပိုင်း ပစ္စည်း ပို့သမား လုပ်နေရတဲ့ ထိုင်းနိုင်ငံက လေယာဉ်မှူး

19-6-2020-yyl-001.jpg

COVID-19 ကပ်ရောဂါအတွင်း နိုင်ငံတော်တော်များများမှာ လေကြောင်းလိုင်းတွေ ပိတ်ထားရတာကြောင့် လေကြောင်းကုမ္ပဏီတွေက အောက်ခြေဝန်ထမ်းကစပြီး လေယာဉ်မှူးတွေအထိ ဝန်ထမ်းတော်တော်များများက သူတို့ရဲ့အလုပ်တွေကနေ ယာယီနားထားဖို့လိုအပ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံက လေယာဉ်မှူးတစ်ယောက်ဆိုရင်လည်း ငွေရေးကြေးရေး အခက်အခဲဖြစ်နေတဲ့အချိန်မှာ အချိန်ပိုင်းပစ္စည်းပို့သမားအလုပ်ကို လုပ်နေရပါတယ်။ လေယာဉ်မှူးအဖြစ် (၄) နှစ်ကြာလုပ်ကိုင်နေခဲ့တဲ့ နာကာရင် အင်တာက Line Man ဆိုတဲ့ ထိုင်းအက်ပလီးကေးရှင်းအတွက် အော်ဒါတွေလိုက်ပို့ပေးရတဲ့ ပစ္စည်းပို့သမားအဖြစ် ကပ်ရောဂါအတွင်းမှာ လုပ်ကိုင်နေတာဖြစ်ပါတယ်။

လေကြောင်းလိုင်းဝန်ထမ်းတချို့က လစာမဲ့ခွင့်ယူခဲ့ရပြီး တချို့ဆို လစာ (၇၀) ရာခိုင်နှုန်းကျော်ဖြတ်ခံရပါတယ်။ ဒါကြောင့် နာကာရင်က လတိုင်း အသုံးစာရိတ်ရှိဖို့အတွက် အချိန်ပိုင်းအလုပ်လုပ်နေရတာပါ။ သူက စက်ဘီးနဲ့ ပစ္စည်းတွေလိုက်ပို့ခြင်းဖြင့် သူ့ဇနီးနဲ့ (၄) နှစ်သမီးလေးတို့ကို ထောက်ပံ့ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ “ကျွန်တော် ဒီအတိုင်းထိုင်နေပြီး အကူအညီလာဖို့ စောင့်ဆိုင်းမနေနိုင်ခဲ့ပါဘူး။ ကျွန်တော့်မိသားစုအတွက် တွန်းလှန်ပစ်ရမယ်။ ကျွန်တော် တစ်ခုခုလုပ်ရမယ်။ ကျွန်တော့်မှာ လက်နှစ်ဖက်လုံးရှိတယ်။ ကျွန်တော့်မှာ စက်ဘီးရှိတာကြောင့် အချိန်ပိုင်းအလုပ်ကို ရှာတွေ့ခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော်က အစားအစာပို့သမားလေးဖြစ်နေပါပြီ”လို့ နာကာရင်က ပြောပါတယ်။

လေယာဉ်မှူးတစ်ယောက်ဖြစ်ဖို့က သူ့အိပ်မက်ပါပဲ။ ဒါပေမဲ့ လေကြောင်းလိုင်းတွေမှာ စီးပွားရေးမတည်ငြိမ်မှာ ဆိုးတာကြောင့် အိပ်မက်တွေ တကယ်ဖြစ်ဖို့ နှစ်တော်တော်ကြာဆိုင်းငံ့ထားခဲ့ရပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ (၅) နှစ်ကျော်မှာတော့ အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ဝင်ငွေနည်းတဲ့ အလုပ်တွေများလာတာကြောင့် Commercial Pilot ဘွဲ့ကို လေ့လာခဲ့ပြီး မကြာခင်မှာပဲ Thai Lion Air လေကြောင်းလိုင်းမှာ အလုပ်ရခဲ့ပါတယ်။ “ငယ်ငယ်လေးကတည်းက လယာဉ်မှူးတစ်ယောက်ဖြစ်ဖို့က အမြဲတမ်း ကျွန်တော့်အိပ်မက်ပါပဲ။ အကောင်ဆုံးအရာက ကမ္ဘာပတ်ပြီး လူတွေကို မြင်ရတာ။ ကျွန်တော် ဝတ်စုံအပြည့်နဲ့ လေဆိပ်ရောက်တဲ့အခါ ခရီးသည်တွေရဲ့အပြုံးကို မြင်ရတယ်။ သူတို့တွေ ခရီးထွက်တဲ့အခါ သူတို့ရဲ့အပြုံးတွေကို မြင်တွေ့ရတယ်။ အဲဒါထက်ပိုတာက ကျွန်တော့်မိသားစုကို ထောက်ပံ့ဖို့အတွက် ပိုက်ဆံရှာနိုင်တာပါပဲ”လို့ နာကာရင်က ပြောပါတယ်။

လေယာဉ်မှူးတစ်ယောက်အနေနဲ့ ပုံမှန်ဆိုရင် သူက တစ်လကို အမေရိကန်ဒေါ်လာ၆၀၀၀ ကနေ (၈၀၀၀) ကြား ရှိတာဖြစ်ပါတယ်။ အခုတော့ ကပ်ရောဂါကြောင့် တစ်နေ့ကို ဒေါ်လာ (၃၀) ပဲရတော့တယ်လို့ နာကာရင်က ဆိုပါတယ်။ အခုလို လစာအဖြတ်ခံရတာက သူတစ်ယောက်တည်းတော့မဟုတ်ပါဘူး။ လေကြောင်းလိုင်းတော်တော်များများက ဝန်ထမ်းတွေရောပါပဲလို့ နာကာရင်က ပြောပါတယ်။ “COVID-19 ကြောင့် လူတိုင်းထိခိုက်နစ်နာကြတယ်လို့ ထင်ပါတယ်။ ကမ္ဘာပေါ်က လူတိုင်းပါပဲ။ ဒါပေမဲ့ သင့်ဘေးနားက သင့်ချစ်တဲ့သူတွေကို ပြန်ကြည့်ပါ။ သူတို့အတွက်ရော သင့်အတွက်ရောပါ တွန်းလှန်ရပါမယ်”နာကာရင်က ပြောပါတယ်။

နာကာရင်က ပစ္စည်းပို့သမားလုပ်ရတာကိုလည်း ဂုဏ်ပြုတယ်ဆိုတာကို “ကျွန်တော် ပထမဆုံးအော်ဒါရပြီး စားသုံးသူဆီ သွာပို့တော့ ခံစားချက်ကောင်းပါတယ်။ ကျွန်တော်ဂုဏ်ယူတယ်။ ကျွန်တော် ဒါကို လုပ်နိုင်တယ်”လို့ ဆိုပါတယ်။ နာကာရင်က မကြာခင် သူ့ရုံးကို ပြန်သွားတော့မယ်လို့လည်း ပြောပါတယ်။ သူက သြဂုတ်လကျရင် (၄) ရက်တာ လေယာဉ်မှူးပရိုဂရမ်တစ်ခုကို တက်ဖို့ စီစဉ်ထားပြီးအဲဒီနောက်မှာ အလုပ်ပြန်စနိုင်ပြီလို့ သိရပါတယ်။ နာကာရင်က သူ့အလုပ်နဲ့ လုပ်ဖော်ကိုင်ဖက်တွေကို သတိရကြောင်းကိုလည်း “ကျွန်တော့်အလုပ်နဲ့ ပတ်သက်တဲ့အခိုက်အတန့်တိုင်းကို ကျွန်တော် လွမ်းတယ်။ ကျွန်တော်နဲ့အတူတူ နှစ်တော်တော်ကြာ အလုပ်လုပ်ခဲ့တဲ့ ကျွန်တော်ရဲ့လုပ်ဖော်ကိုင်ဖောက်တွေ၊ ကျွန်တော်ရဲ့ကပ္ပတိန်၊ လေယာဉ်မောင်မယ်တွေ၊ ဝန်ထမ်းတွေအားလုံးကို သတိရပါတယ်။ ကောင်းကင်မှာ ပျံ့သန်းနေရတဲ့ကျွန်တော်ရဲ့အလုပ်ကိုလည်း လွမ်းမိပါတယ်”တဲ့။

Ref: Thai pilot, grounded by Covid-19, shifts to motorbike food deliveries

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top