စံချိန်တင်အပူချိန် မြင့်တက်ခဲ့တဲ့ ဗြိတိန်မှာ ရထားမစီးဖို့ သတိပေးထား

20-7-2022-21.jpg

ကမ္ဘာ့တိုက်ကြီး တော်တော်များများမှာ အပူလှိုင်းတွေ ကြုံတွေ့ခဲ့ပြီး ရာသီဥတုပြောင်းလဲမှုဒဏ်ကို နေ့စဉ်ဘဝမှာ ခံစားနေရပါပြီ။ ဗြိတိန်နိုင်ငံဟာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့အင်္ဂါနေ့က အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယက်စ်အထိ မြင့်တက်ခဲ့ပြီး မီးလောင်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ အပူချိန် မြင့်မားတဲ့ကာလမှာ ရထားလမ်းတွေ ကွေးကောက်၊ ပြန့်ကားလာတာမျိုးဖြစ်နိုင်လို့ ရထားမစီးကြဖို့လည်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။

အမေရိကန်နိုင်ငံမှာ လူပေါင်း သန်း ၁၀၀ ( လူဦးရေရဲ့ ၃ ပုံ၊ ၁ ပုံရှိ)ဟာ ပြီးခဲ့တဲ့အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့က အပူချိန်ဆိုင်ရာ သတိပေးချက်တွေ လက်ခံရရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့ လွင်ပြင်ဒေသဖြစ်တဲ့ ပြည်နယ် ၁၀ ခုမှာ အပူချိန် ၄၃ ဒီဂရီဆဲလ်စီးယက်စ်အထိ မြင့်တက်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ဥရောပနိုင်ငံ ၂၁ နိုင်ငံမှာ အပူချိန်ဆိုင်ရာ သတိပေးချက်တွေ ထုတ်ပြန်ထားရတာပါ။ ပြီးခဲ့တဲ့သီတင်းပတ်နောက်ပိုင်း ပေါ်တူဂီနိုင်ငံမှာ အပူလှိုင်းနဲ့ ဆက်နွှယ်တဲ့ လူသေဆုံးမှု ၁၀၀၀ ကျော် ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ အပူချိန် သိသိသာသာ လျော့ကျသွားပါပြီ။ ပြီးခဲ့တဲ့တနင်္လာနေ့က ပြင်သစ်နိုင်ငံရဲ့ ဒေသ ၆၄ ခုမှာ စံချိန်တင်အပူချိန် ကြုံခဲ့ပြီး ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းမှာ နှစ် ၃၀ ကျော်အတွင်း အကြီးမားဆုံး တောမီးလောင်ကျွမ်းမှု ကြုံခဲ့ပါတယ်။

ဝိုင်ထုတ်လုပ်ရာဒေသမှာ ဇူလိုင်လ ၁၂ ရက်နေ့နောက်ပိုင်း ဧက ၄၉၄၀၀ ကျော် မီးလောင်ကျွမ်း ခံခဲ့ရပြီး လူ ၃၇၀၀၀ နီးပါးကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ဘယ်လ်ဂျီယံအပန်းဖြေစခန်း သောင်ပြင်မှာ မီးလောင်ခဲ့လို့ ကားတော်တော်များများ မီးလောင်ပျက်စီးခဲ့ပါတယ်။

ဂျာမနီနိုင်ငံမှာလည်း ပြီးခဲ့တဲ့အင်္ဂါနေ့က ၂၀၂၂ ခုနှစ်အတွင်း အပြင်းဆုံးအပူချိန် ကြုံတွေ့ခဲ့ပါတယ်။ အပူချိန် မြင့်မားမှုကြောင့် ဥရောပတိုက်တစ်ဝန်း တောမီးလောင်ကျွမ်းမှုတွေ ဖြစ်ပွားခဲ့ပြီး စပိန်နိုင်ငံ အလယ်ပိုင်းနဲ့ အနောက်မြောက်ပိုင်း၊ ဂရိနိုင်ငံနဲ့ အီတလီနိုင်ငံတွေမှာလည်း တောမီးလောင်ကျွမ်းခဲ့ပါတယ်။

Ref: CNN & BBC

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top