ဂျပန်မြေတွင် အောင်မြင်မှုများကို အရှိန်အဟုန်ဖြင့်သိမ်းပိုက်နိုင်ရန် အောင်လအန်ဆန်ကြိုးစားပြင်ဆင်လျက်ရှိ

AmungONE.jpg

နွေးထွေးသာယာသော Florida ပြည်နယ် Fort Lauderdale သည် ကမ္ဘာတစ်ခြမ်းရှိ ဂျပန်နိုင်ငံ၏ မြို့တော်တိုကျိုနှင့် လွန်စွာဝေးလံလှသော်လည်း မြန်မာ့စပါးအုံး အောင်လအန်ဆန်အဖို့မူ အဆိုပါမြို့ (၂) မြို့သည် ပစ္စုပ္ပန်နှင့် အနာဂတ်ပြယုဂ်အဖြစ် ကိုယ်စားပြုလျက်ရှိသည်။

ONE လိုက်ဟဲဗီးဝိတ်နှင့် မစ်ဒယ်ဝိတ်တန်း (၂) ခု၏ ကမ္ဘာ့ချန်ပီယံဖြစ်သော အောင်လအန်ဆန်သည် ဂျပန်ကစားသမား Ken Hasegawa နှင့် ရင်ဆိုင်ယှဉ်ပြိုင်သွားရမည့် မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်ကာကွယ်ပွဲအတွက် ဖလော်ရီဒါရှိ နာမည်ကျော်
Hard Knocks 365 အားကစားရုံတွင် စခန်းသွင်းလေ့ကျင့်မှုများ အပြင်းအထန် ပြုလုပ်နေခဲ့ခြင်းဖြစ်သည်။

ဤကစားသမား (၂) ဦး၏ ဒုတိယအကြိမ် ရင်ဆိုင်တွေ့ဆုံသည့်ပွဲကြီးကို မတ်လ (၃၁) ရက်နေ့တွင် တိုကျိုမြို့ရှိ Ryogoku Kokugikan အားကစားရုံကြီး၌ ပြုလုပ်သွားမည့်
ONE: A NEW ERA ပြိုင်ပွဲကြီးတွင် ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါကစားသမား (၂) ဦး၏ ပထမအကြိမ်တွေ့ဆုံခဲ့သောပြိုင်ပွဲသည် ယမန်နှစ်ဇွန်လက ကျင်းပခဲ့သော ONE: SPIRIT OF A WARRIOR ပြိုင်ပွဲကြီးတွင်ဖြစ်ကာ ONE Championship ပြိုင်ပွဲသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးကမ္ဘာ့ချန်ပီယံတွဲဆိုင်းအဖြစ်
သတ်မှတ်ခြင်းခံခဲ့ရသည်။

အောင်လအနေဖြင့် ယခုပွဲစဉ်တွင် ယမန်နှစ်ပြိုင်ပွဲကထက် အရည်အချင်းများပို၍ထုတ်ပြနိုင်တော့မည်ဖြစ်သည်

ထိုပြိုင်ပွဲကြီးတွင် မြန်မာ့စပါးအုံး အောင်လသည် ပြိုင်ဘက်နှင့် အကြိတ်အနယ်ထိုးသတ်ကာ ဒဏ်ရာများဖြင့် အောင်မြင်မှုကိုရယူနိုင်ခဲ့ခြင်းဖြစ်ကာ Hasegawa ကို ပဉ္စမအချီတွင်မှ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ပြိုင်ဆိုင်မှုပြင်းထန်သော
ပြိုင်ပွဲတို့၏ သဘောသဘာဝအတိုင်း ထပ်မံယှဉ်ပြိုင်ရခြင်းသည် မလွှဲရှောင်သာသော အခြေအနေဖြစ်သည်။ ယခု (၉) လတာကြာမြင့်ပြီးနောက် ၎င်းတို့သည် ထပ်မံယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။ အောင်လအနေဖြင့် ယခုပွဲစဉ်တွင် ယမန်နှစ်ပြိုင်ပွဲကထက် အရည်အချင်းများပို၍ထုတ်ပြနိုင်တော့မည်ဖြစ်သည်။

“ပြီးခဲ့တဲ့ ပွဲကနေရလိုက်တဲ့ သင်ခန်းစာက Hasegawa ကို နားချိန်မပေးမိဖို့ပါပဲ။ သူ့ကို ပွဲချိန်အစောပိုင်းမှာကတည်းက ဖိအားပေးပြီး ပွဲချိန်တစ်လျှောက်လုံးအသာစီးရနေမှဖြစ်မှာပါ” ဟု လေ့ကျင့်ခန်းလုပ်ရာမှ အနားယူနေသောအချိန်တွင် အောင်လက ပြောကြားသည်။

“ကစားကွက်ဗျူဟာကို လုံးဝပြောင်းလဲနိုင်ဖို့အတွက် တိုက်ခိုက်မှုစွမ်းရည်တွေ တိုးတက်လာမှဖြစ်မှာ။ ပြီးခဲ့တဲ့ပြိုင်ပွဲက တစ်နှစ်တောင်မကြာသေးတဲ့အတွက် သူ့ရဲ့ကစားနည်းဗျူဟာက သိပ်ပြောင်းလဲသွားမှာမဟုတ်ဘူး။ သူ ကောင်းတဲ့နေရာတွေကို ပိုပြီးထူးချွန်လာအောင် လုပ်လိမ့်မယ်လို့ မြင်ပါတယ်။ ကျွန်တော်လည်း ပြီးခဲ့တဲ့ပြိုင်ပွဲကနဲ့ယှဉ်ရင် အများကြီးပိုကောင်းလာပါတယ်” ဟု ၎င်းက ဆိုသည်။

မတ်လ (၃၁) ရက်နေ့တွင် ပြိုင်ပွဲစသည်နှင့်တစ်ပြိုင်နက် Hasegawa သည် တိုက်ခိုက်မှုစွမ်းရည် တိုးတက်ထက်မြက်နေရုံသာမက ခန္ဓာကိုယ်ပိုင်းလည်း ပို၍ကြံ့ခိုင်လာသော အောင်လအန်ဆန်ကို ရင်ဆိုင်ရတော့မည်ဖြစ်သည်။

“ဒီပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်မှုမှာ ကျွန်တော် ကြွက်သား (၁၀) ပေါင်လောက်တက်လာပါတယ်” ဟု အောင်လက ဆိုသည်။

“ကျွန်တော် သက်လုံကိုလည်း ကောင်းအောင်လုပ်ထားတဲ့အတွက် ပိုပြီးပေါ့ပါးသွက်လက်နေတဲ့ ကျွန်တော့်ပုံစံကို မြင်ရတော့မှာပါ။ ကျွန်တော် ထိုးနှက်ချက်တွေနဲ့ နပမ်းသတ်ကွက်တွေကိုလည်း နေ့တိုင်းလေ့ကျင့်ခဲ့ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

အောင်လသည် Hard Knocks 365 အားကစားရုံရှိနည်းပြများ၏ စီမံမှုကြောင့် အလွန်ကောင်းမွန်သော ကိုယ်ခံပညာလေ့ကျင့်ရေး အသိုင်းအဝိုင်းတစ်ခုရရှိခဲ့ကြောင်း၊ ထိုလေ့ကျင့်ရေးရုံသို့ ပြောင်းရွှေ့လေ့ကျင့်ခဲ့သောအချိန်မှစ၍ ၎င်းအနေဖြင့် ကိုယ်ခံပညာကစားသမားကောင်းတစ်ဦးဖြစ်လာသည်ဟု ခံစားရကြောင်း ပြောပြခဲ့သည်။

“လေ့ကျင့်ရေးနည်းပြတွေ၊ ကောင်းမွန်တဲ့ပတ်ဝန်းကျင်တွေကြောင့် ဒီကို တော်တဲ့ကစားသမားတွေ ရောက်လာကြတာဖြစ်တယ်။ နည်းပြတွေက အတွေ့အကြုံတွေနဲ့ အောင်မြင်မှုတွေ ရခဲ့ပြီးတဲ့သူတွေဖြစ်လို့ ကစားသမားတွေကို လေ့ကျင့်ပေးတဲ့နေရာမှာ ပိုပြီးလွယ်ကူတာပေါ့။ Henri Hooft၊ Greg Jone၊ Kami Barzini နဲ့ Doctor Corey Peacock တို့က သူတို့နယ်ပယ်မှာ သူတို့ သိပ်ကိုတော်တဲ့သူတွေဖြစ်ကြပြီး တစ်ယောက်ကို တစ်ယောက်လည်း လေးစားကြတယ်၊ အလုပ်တွေကိုလည်း အဆင်ပြေပြေ တွဲလုပ်တတ်ကြတယ်” ဟု ဝိတ်တန်း (၂) ခု၏ ကမ္ဘာ့ချန်ပီယံ အောင်လက ထပ်မံပြောပြသည်။

“Hard Knocks 365 အားကစားရုံကလူတွေက မာန်မာနမရှိဘူး၊ လူမှုရေးပြဿနာ အရှုပ်အရှင်းကင်းပြီး လူတိုင်း ကိုယ့်အလုပ်ကို အကောင်းဆုံးလုပ်နေကြပါတယ်။ ဒါကြောင့်လည်း သိပ်ကိုထူးချွန်တဲ့သူတွေကို ဆွဲဆောင်ထားနိုင်တာဖြစ်ပြီး ဒီအကြောင်းကြောင့်ပဲ ကျွန်တော်တို့ မိသားစုလိုက် ဖလောရီဒါကို ပြောင်းရွှေ့လာခဲ့တာပါ” ဟု ၎င်းက ဆိုသည်။

အောင်လသည် ONE: REIGN OF VALOR ပြိုင်ပွဲကြီးတွင် ပရော်ဖက်ရှင်နယ် ပွဲဦးထွက်ပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့သော တစ်နိုင်ငံတည်းသားဖြစ်သူ ကစားဖော် တီရယ်ထန်နှင့်အတူ လေ့ကျင့်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ မျိုးဆက်သစ်ကစားသမားများက ၎င်း၏ ခြေရာကို နင်းနိုင်မည်လောဟူသော မေးခွန်းကို အောင်လက အမိမြေ၏ အနာဂတ်တွင် တောက်ပလာမည့််အားကစားလောကကို မျှော်မှန်း၍ ယခုကဲ့သို့ ဖြေကြားခဲ့သည်။

“စိတ်ဝင်စားမှုတွေရှိနေတာကတော့ သေချာပါတယ်။ လူငယ်ကစားသမားတွေကလည်း ကိုယ်ခံပညာသိုင်းပေါင်းစုံပညာရပ်ကို ချစ်မြတ်နိုးလာကြပြီး သင်ယူလေ့လာနေကြပါပြီ” ဟု အောင်လကဆိုသည်။

“ကျွန်တော် ၂၀၁၆ ခုနှစ်က ပထမဆုံးကစားခဲ့တဲ့ပြိုင်ပွဲပြီးတဲ့အချိန်ကစပြီး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားရုံတွေ အများကြီးပေါ်ပေါက်လာတဲ့အတွက် သိပ်ကိုဝမ်းသာမိပါတယ်။ ONE မှာ ယှဉ်ပြိုင်ပြီး အောင်မြင်မှုတွေဆွတ်ခူးနိုင်မယ့် အနာဂတ်မျိုုးဆက်သစ်ကစားသမားတွေ မြန်မာနိုင်ငံမှာ အများကြီးပေါ်ထွက်လာကြဦးမှာပါ”

အောင်လကဲ့သို့ ရှေ့ဆောင်လမ်းပြတစ်ဦးရှိနေသည့်အတွက် မြန်မာ့အနာဂတ် ကမ္ဘာ့ချန်ပီယံများကို လေးစားအတုယူဖွယ်ဖြစ်စေသည်။ အသက် (၃၃) နှစ်အရွယ်ရှိပြီဖြစ်သော အောင်လသည် ONE: A NEW ERA ပြိုင်ပွဲကြီးတွင် ကစားသမားသက်တမ်းတစ်လျှောက်လုံး ထားရှိခဲ့သည့် ရည်ရွယ်ချက်ကြီးတစ်ခုကို ဖြည့်ဆည်းသွားနိုင်ရေး မျှော်လင့်စောင့်စားလျက်ရှိသည်။

“ကျွန်တော် ဂျပန်မှာပြိုင်ဖို့ အမြဲအိပ်မက်မက်ခဲ့တာ။ ဒီလိုပွဲကောင်းတွေပြည့်နှက်နေတဲ့ ပြိုင်ပွဲကြီးမှာယှဉ်ပြိုင်ခွင့်ရတာဟာ ကျွန်တော့် အိပ်မက်တွေ တကယ်ဖြစ်လာတာပါ။ ဒီပြိုင်ပွဲမှာ ကျွန်တော် အောင်မြင်မှုအရယူသွားမှာပါ” ဟု အောင်လက နိဂုံးချုပ်ပြောကြားသည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top