ဘာဖြစ်လို့ သင့်ကိုမှ ခြင်ပိုကိုက်နေရတာလဲ

54433853_2330851827133310_4699597105553997824_n.jpg

အိမ်မှာအတူတူ တစ်နေရာထဲထိုင်နေတာတောင်မှ သူများတွေကို ခြင်မကိုက်ပဲ သင့်တစ်ယောက်တည်းပဲ ခြင်တွေကိုက်လွန်းလို့တစ်ကိုယ်လုံး ခြင်ဖုတွေနဲ့ယားယံနေတတ်လား။ ဒါဟာ သင်တစ်ယောက်တည်းဖြစ်နေတာမဟုတ်ပါဘူး။ သိပ္ပံပညာရှင်တွေရဲ့စမ်းသပ်လေ့လာချက်အရ အောက်ကအချက် (၅) ချက်ကြောင့် သင့်ကိုသူများထက်ပိုပြီး ခြင်တွေကိုက်နေရခြင်းဖြစ်ပါတယ်။

၁။ အသက်ရှုပြင်းခြင်း

ခြင်တွေဟာ ပေ (၁၆၀) အကွာအဝေးကနေ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အနံ့ခံနိုင်ပါတယ်။ အသက်ရှူထုတ်တဲ့အကြိမ်ပိုများလေလေ၊ ခြင်တွေကို ပိုဆွဲဆောင်လေလေပါပဲ။ ကိုယ်ဝန်ဆောင်သည်များနှင့် ဝသောသူများဟာ သာမာန်လူများထက် ကာဗွန်ဒိုင်အောက်ဆိုဒ် ပိုထုတ်လွှတ်ပါတယ်။

၂။ ချွေးထွက်ခြင်း

ခြင်တွေဟာ လူရဲ့ချွေးထဲမှာ ပါဝင်တဲ့ လက်တစ်အက်ဆစ်၊ ယူရစ်အက်ဆစ်၊ အမိုနီးယားနဲ့တခြားဒြပ်ပေါင်းများကို သိပ်သဘောကျပါတယ်။ ချွေးသံတရွဲရွဲ နဲ့ခန္ဓာကိုယ်က အပူတွေထွက်နေတဲ့ သူတွေဟာ ခြင်တွေအတွက်တော့ သိပ်ကိုအရသာရှိတဲ့ ဟင်းလျာကြီး တစ်ခုပါပဲ။ အားသွန်ခွန်စိုက်လုပ်ရတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကြောင့် ခန္ဓာကိုယ်တွင်းက အပူချိန်နဲ့လက်တစ်အက်ဆစ်တွေမြင့်တက်လာနိုင်ပေမယ့် တချို့သူတွေက ဘာမှမလုပ်ပဲနဲ့ မျိုးရိုးဗီဇအရကို လက်တစ်အက်ဆစ်တွေများနေတာဖြစ်နိုင်ပါတယ်။

၃။ ဘီယာသောက်သုံးခြင်း

သုတေသနများရဲ့ လေ့လာတွေ့ရှိချက်အရ ဘီယာ ဝ.၃ လီတာလောက်သောက်ရင်ကို ခြင်တွေပိုကိုက်ခံရနိုင်ခြေရှိပါတယ်။

၄။ သွေးအမျိုးအစား

အရွယ်ရောက်ပြီးသားခြင်များဟာ အာဟာရအတွက် ဝတ်ရည်ကို အဓိကမှီခိုရပေမယ့် ခြင်အမများကတော့ ဥများကို ထုတ်လုပ်နိုင်ဖို့လူတွေရဲ့သွေးထဲက ပရိုတင်းဓာတ်ကို လိုအပ်ပါတယ်။ ဒါပေမယ့် ခြင်တွေဟာတချို့ သွေးအမျိုးအစားများကို တခြားသွေးအုပ်စုထက် ပိုကြိုက်နှစ်သက်တတ်ပါတယ်။ “O’’သွေးအမျိုးအစားများဟာ ““ A”” သွေးအမျိုးအစားများထက်နှစ်ဆ ခြင်တွေကို ပိုဆွဲဆောင်နိုင်ပါတယ်။ ““ B ” သွေးပိုင်ရှင်များကတော့ အလယ်အလတ်အဆင့်ပါပဲ။

၅။ ကိုယ်ဝန်ဆောင်သည်များ

အာဖရိကမှာလုပ်ခဲ့တဲ့ လေ့လာတွေ့ရှိချက်အရ သာမာန်လူတွေထက် ကိုယ်ဝန်ဆောင်မိခင်များကို ဌက်ဖျားပိုးသယ်ဆောင်ထားတဲ့ခြင်ကိုက်နိုင်ခြေဟာ နှစ်ဆပိုမြင့်ပါတယ်။ အကြောင်းရင်းကတော့ ကိုယ်ဝန်ဆောင်သည်များဟာ သာမန်သူများထက် ၂၁%ရာခိုင်နှန်းပိုပြီး အသက်ရှု/ထုတ် ပိုလုပ်တဲ့အပြင် ကိုယ်ဝန်ဆောင်ထားရခြင်းဟာ ဝမ်းဗိုက်ပိုင်းကို ၁.၂၆ ဖာရင်ဟိုက်ဒီဂရီ ပိုပြီး ပူပြင်းစေတာကြောင့်ပါ။

အခုဆိုရင်တော့ ဘာကြောင့်မို့လို့တချို့သူတွေဟာ ခြင်ပိုကိုက်ခံရလဲဆိုတာ သိပြီထင်ပါတယ်။ ကိုယ်ဝန်ဆောင်သည်များကိုလည်း ခြင်အကိုက်မခံရအောင် ဂရုစိုက်ပေးသင့်ပါတယ်နော်။ ရိုးရာလေးရဲ့ ပရိသတ်ကြီးလည်း မိမိပတ်ဝန်းကျင်ကသူတွေ ကျန်းမာရေးဗဟုသုတအနေနဲ့သိရှိသွားအာင် ရှဲသွားလိုက်ပါဦး။

Ref: Business Insider “5 things that make mosquitoes bite you more”

Elsa(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top