ပြိုင်ဆိုင်မှုပြင်းထန်သော လိုက်ဝိတ်တန်းသို့ ပူပူနွေးနွေးချန်ပီယံအနေနှင့် ဝင်ရောက်လာသော Christian Lee

Christian-Lee-696x399.jpg

ပြီးခဲ့သော (၃) နှစ်တာကာလအတွင်း ONE လိုက်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်သည် (၅) ကြိမ်တိုင်တိုင်လက်ပြောင်းခဲ့ရသည်။ Shinya Aoki နှင့် Eduard Folayang တို့ထံတွင် အကြိမ်ခွဲ၍ ရောက်ရှိခဲ့သလို Martin Nguyen သည်လည်း ခဏတာကပိုင်ဆိုင်ခဲ့ဖူးသည်။

ယခုလက်ရှိချန်ပီယံခါးပတ်ကို ပူပူနွေးနွေးရရှိထားသူသည် အသက် (၂၀) အရွယ် Christian “The Warrior” Lee ဖြစ်ပြီး ၎င်းသည် ပြီးခဲ့သောရက်သတ္တပတ်က စင်္ကာပူ၌ကျင်းပသော ONE: ENTER THE DRAGON ပြိုင်ပွဲကြီးတွင် Aoki ကို ထူးခြားပြောင်မြောက်လှသော ဒိုင်ပွဲရပ်ဖြင့်အနိုင်ရယူကာ ချန်ပီယံခါးပတ်ကို သိမ်းပိုက်နိုင်ခဲ့သူလည်းဖြစ်သည်။

မကြာသေးခင်က ၎င်း၏ ကစားသမားသက်တမ်းတစ်လျှောက် အမြင့်မားဆုံးသော အောင်မြင်မှုရရှိထားသော်လည်း ပရိသတ်အများစုက Lee ၏ ချန်ပီယံသက်တမ်းသည် အချိန်တိုအတွင်းအဆုံးသတ်သွားလိမ့်မည်ဟု တွေးထင်ထားကြသည်။ ONE လိုက်ဝိတ်တန်းသည် ချန်ပီယံခါးပတ်ကို သိမ်းပိုက်နိုင်လောက်သည့် အလွန်တော်၍ပါရမီပါသော ထိပ်တန်းပြိုင်ပွဲဝင် အများအပြားစုစည်းနေသော ဝိတ်တန်းဖြစ်သောကြောင့် အလွန်ပင်ပြိုင်ဆိုင်မှုပြင်းထန်သော ဝိတ်တန်းဟု ဆိုရပေမည်။

Lee အနေဖြင့် ရှေ့လျှောက်တွေ့ရမည့် အန္တရာယ်အများဆုံးသောပြိုင်ဘက်များကို လေ့လာကြည့်ကြပါစို့။

Saygid Guseyn Arslanaliev

ONE လိုက်ဝိတ်ကမ္ဘာ့ Grand Prix ကို အောင်မြင်နိုင်မည့် တစ်ပြေးနေသူတစ်ဦးဖြစ်သည်။ အလဲထိုးကျွမ်းကျင်သော အန္တရာယ်များသည့် Saygid Guseyn Arslanaliev သည် ပြိုင်ပွဲကို အောင်နိုင်သည်နှင့်တစ်ပြိုင်နက် Lee အတွက် ခြိမ်းခြောက်မှုကြီးတစ်ရပ်ဖြစ်လာနိုင်သည်။ ၎င်းသည် Evolve MMA တွင် လေ့ကျင့်နေသော Lee ၏ လေ့ကျင့်ဖော်ဖြစ်သော Amir Khan ကို ပထမအချီတွင်ပင် အလဲထိုးနိုင်ခဲ့သောကြောင့် ဗိုလ်လုပွဲသို့တက်လှမ်းနိုင်ပြီဖြစ်သည်။ ယခုအခါ တူရကီကစားသမား Saygid သည် အမေရိကန်ကစားသမား Lowen Tynanes နှင့် ရုရှားကစားသမား Timofey Nastyukhin တို့တွဲဆိုင်းမှ အောင်နိုင်သူကို ဆက်လက်စောင့်ဆိုင်းလျက်ရှိသည်။

အကယ်၍ Lee သည် Saygid ကို ၎င်း၏ ပထမဆုံးခါးပတ်ကာကွယ်ပွဲတွင် ရင်ဆိုင်ခဲ့ရပါက ၎င်းတို့ကဲ့သို့သော အလဲထိုးကျွမ်းကျင်သူ (၂) ဦးအကြား ဒုတိယအချီဆိုသည်မှာ ရှိလာနိုင်မည် မဟုတ်ချေ။

Lowen Tynanes

ရှုံးပွဲမရှိသေးသော အမေရိကန်ကစားသမား Lowen Tynanes ၏ ကစားကွက်များသည် နည်းစနစ်ကျ၍ သေသပ်သည်။ သို့သော် ၎င်းသည်လည်း Arslanaliev နည်းတူ အန္တရာယ်များသော ကစားသမားတစ်ဦးဖြစ်သည်။ သို့သော် ၎င်းသည် ကြမ်းတမ်းစွာကစားမည့်အစား Tynanes သည် နပမ်းကစားကွက်များကိုသာ အားပြုကစားလေ့ရှိသည်။ ၎င်းသည် ပြိုင်ဘက်ကိုချဉ်းကပ်ရာတွင် အလွန်လျင်မြန်သောကြောင့် ၎င်း၏ သွက်လက်သောကစားကွက်ကို တောင့်ခံနိုင်သော ပြိုင်ဘက်ဟူ၍ မရှိသလောက်ရှားပါးသည်။

ပြိုင်ဘက်ကို မြေပေါ်လှဲချပြီးသည်နှင့် တစ်ပြိုက်နက် Tynanes သည် ၎င်း၏ မြဲမြံလှသော ချုပ်ကွက်များဖြင့်ချုပ်ကာ မိုးသီးများကဲ့သို့ အဆက်မပြတ်ပြင်းထန်သောတံတောင်များဖြင့် ထိုးနှက်တိုက်ခိုက်လေ့ရှိသည်။

Eduard Folayang

အသက်အရွယ်ရောအတွေ့အကြုံပါရင့်ကျက်နေသော Eduard Folayang သည် လိုက်ဝိတ်တန်းတွင် ထိပ်တန်းကစားသမားအဖြစ် ရပ်တည်လျက်ရှိသည်။ ၎င်း၏ ကမ္ဘာ့အဆင့် ဝူရှူးစွမ်းရည်သည် ၎င်းနှင့်အတူ ONE ကြိုးဝိုင်းအတွင်းဝင်ရောက်မိသော မည်သည့်ပြိုင်ဘက်ကိုမဆို အန္တရာယ်တွေ့စေနိုင်သည့်အပြင် ၎င်းသည် ခက်ခဲသောအခြေအနေများတွင် များပြားလှသော အတွေ့အကြုံများကိုအသုံးချ၍ ကျော်ဖြတ်နိုင်ခဲ့သည်ချည်းဖြစ်သည်။ လိုရင်းကိုဆိုရသော် Folayang သည် ပြိုင်ပွဲများတွင် မည်ကဲ့သို့အနိုင်ယူရမည်ကို ကောင်းကောင်းသိထားသူတစ်ဦးဖြစ်ပြီး ၎င်း၏ ကိုယ်ခံပညာအသိပညာများသည် တန်ဖိုးရှိသောကမ္ဘာ့အကောင်းဆုံးအဆင့်တွင် ပါရှိသည်။

ထို့ကြောင့် Lee အနေဖြင့် အကောင်းဆုံးသောနေ့ရက်များကို ပိုင်ဆိုင်ထားနေနိုင်သော်လည်း Folayang ကဲ့သို့ အောင်မြင်မှုကို ဆာလောင်၍ အတွေ့အကြုံရင့်ကစားသမားကိုလည်း ထည့်သွင်းစဉ်းစားထားရမည်ဖြစ်သည်။

Shinya Aoki

Shinya Aoki သည် ပြိုင်ဆိုင်မှုများနှင့် ပတ်သက်၍ မည်သည့်အခါမျှ ငြီးငွေ့လိမ့်မည် မဟုတ်ချေ။ ၎င်းကိုယ်တိုင်သည်လည်း ထိုကဲ့သို့ ခံယူထားသူဖြစ်သည်။ ဂျပန်ကစားသမား Aoki သည် ကိုယ်ခံပညာကစားကို ၎င်း၏ ဘဝဟု ခံယူထားပြီး ကိုယ်ခံပညာလောကမှ အနားယူပြီးနောက်တစ်နေ့တွင် သေဆုံးချင်ပါသည်ဟူ၍ အမြဲပြောလေ့ရှိသည်။ Lee သည် Aoki ကို အနိုင်ရကောင်းရနိုင်သည်ဆိုသော်ငြားလည်း ထိပ်တန်းနပမ်းကစားသမားကြီး Aoki သည် အခွင့်သာမည်ဆိုပါက လူငယ်ကစားသမား Lee ကို ထပ်မံအနိုင်ရအောင် ကစားသွားဦးမည်ဖြစ်သည်။

Aoki ၏ အရည်အချင်းကို လျှော့မတွက်စေချင်ပါ။ အနာဂတ်တွင် Lee သည် Aoki နှင့် ထပ်မံတွေ့ဆုံရပါက ဂျပန်ကစားသမားAoki သည် ယခင်ကထက်ပို၍ အန္တရာယ်များလိမ့်မည်ဟု မျှော်လင့်ရသည်။

Timofey Nastyukhin

ရုရှားကစားသမား Nastyukhin သည် ONE လိုက်ဝိတ် World Grand Prix ဆီမီးဖိုင်နယ်တွင်ပါဝင်ရမည့် ကစားသမား (၂) ဦးထဲတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ၎င်း၏ ပြိုင်ဘက်ကို မကြေညာရသေးချေ။ Nastyukhin သည် နပမ်းချုပ်ကွက်ကစားနည်းနှင့် ထိုးနှက်တိုက်ခိုက်သောကစားနည်း (၂) မျိုးစလုံးကို ကျွမ်းကျင်ပိုင်နိုင်သည့် ပြီးပြည့်စုံသော ကစားသမားတစ်ဦးဖြစ်သည်။ ၎င်း၏ အကျော်ကြားဆုံးသောအနိုင်ပွဲသည် လိုက်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို အကြိမ်ကြိမ်ရရှိခဲ့ဖူးသော ချန်ပီယံဟောင်း Eddie “The Underground King” Alvarez ကို ပထမအချီတွင်ပင် အံ့သြဖွယ်ကောင်းလောက်အောင် အလဲထိုးနိုင်ခဲ့သောပွဲဖြစ်သည်။

အကယ်၍ Nastyukhin သည် လိုက်ဝိတ်ပြိုင်ပွဲကိုသာ အနိုင်ရရှိခဲ့မည်ဆိုလျှင် ရင်ဆိုင်ရခက်ခဲသော ပြိုင်ဘက်ကောင်းတစ်ဦးဖြစ်လာမည်ဖြစ်သည်။

Martin Nguyen

၎င်းသည် လိုက်ဝိတ်တန်းကစားသမားစင်စစ်တစ်ဦးတော့ မဟုတ်ပါချေ။ ONE ဖယ်သာဝိတ် ကမ္ဘာ့ချန်ပီယံ Martin Nguyen သည် လွန်ခဲ့သောနှစ်အနည်းငယ်က Folayang ကို လက်သီးတစ်ချက်တည်းနှင့် အလဲထိုးကာ လိုက်ဝိတ်ချန်ပီယံခါးပတ်ကို ခေတ္တပိုင်ဆိုင်ခဲ့ဖူးသည်။ ထို့အပြင် ၎င်းသည် Lee ကို ဖယ်သာဝိတ်တန်းပြိုင်ပွဲတွင် (၂) ကြိမ်တိုင်တိုင် အနိုင်ရခဲ့ဖူးသည်။ ၎င်းတို့ (၂) ဦး၏ တတိယမြောက်ပြိုင်ပွဲသည် လိုက်ဝိတ်တန်းပြိုင်ပွဲဖြစ်လာမည်မှာ မေးခွန်းထုတ်စရာမလိုချေ။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top