အိမ်ဖြူတော်မှာ အမေရိကန်သမ္မတဘိုင်ဒင်နဲ့ တွေ့ဆုံပြီး အာရှသားမုန်းတီးမှုဆန့်ကျင်ရေး ဆွေးနွေးမယ့် BTS

26-5-2022-yyl-38.jpg

ကမ္ဘာကျော်ကိုရီးယားအဆိုအဖွဲ့ BTS ဟာ AANHPI Heritage Month ကို ဂုဏ်ပြုဆင်နွှဲတဲ့အနေနဲ့ မေလ ၃၁ ရက်နေ့ကျရင် အိမ်ဖြူတော်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။ BTS အဖွဲ့ဟာ သမ္မတ ဘိုင်ဒင်နဲ့ တွေ့ဆုံချိန်မှာ အာရှသားမုန်းတီးမှု ဆန့်ကျင်ရေးနဲ့ အာရှသားတွေအပေါ် လူမျိုးရေးခွဲခြားဆက်ဆံမှုတွေအကြောင်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။ တန်းတူညီမျှရေးနဲ့ လူမျိုးပေါင်းစုံ အားလုံးပါဝင်ရေးတို့ရဲ့အရေးပါမှုအကြောင်း၊ ကမ္ဘာတစ်ဝှမ်းမှာ မျှော်လင့်ချက်နဲ့ အကောင်းမြင်မှုတွေကို ဖြန့်ဝေပေးဖို့ လူငယ်သံတမန်တွေဖြစ်တဲ့ BTS က သူတို့ရဲ့ပလက်ဖောင်းကို ဘယ်လိုအသုံးချနေလဲဆိုတဲ့အကြောင်းတွေကို ဆွေးနွေးသွားမှာပါ။

အိမ်ဖြူတော်အလည်သွားမယ့် သတင်းတွေ ထွက်ရှိလာပြီးတဲ့နောက်မှာ BTS အဖွဲ့ခေါင်းဆောင် RM က “ကျွန်တော်တို့ အသက်ရှင်နေသရွေ့ အရာအားလုံးက ဖြစ်ပျက်နေပါတယ်။ ကောင်းတဲ့ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ သွားမှာဆိုတော့ ကောင်းမွန်တဲ့အလည်အပတ်ခရီး ဖြစ်မှာပါ။ အရင်က အမေရိကန်ကို အားလပ်ရက်ခရီးလာတဲ့အချိန်တုန်းက အိမ်ဖြူတော်ကို အဝေးကနေပဲ မြင်ခဲ့ရတယ်။ ဒီတစ်ခါတော့ ကျွန်တော် အထဲဝင်ရတော့မယ်။ ပရိသတ်တွေအားလုံးကို ကျွန်တော်တို့ ကျေးဇူးတင်တယ်ဆိုတော့ ဒီသွားရောက်လည်ပတ်မှုက မင်းတို့ရဲ့လည်ပတ်မှုလည်းဖြစ်ပါတယ်”လို့ ပြောပါတယ်။

၂၀၁၇ခုနှစ်က BTS နဲ့သူတို့ရဲ့အေဂျင်စီက အကြမ်းဖက်မှုဆန့်ကျင်ရေး “Love Myself” ကမ်ပိန်းကို ဖန်တီးဖို့ UNICEF နဲ့ ပူးပေါင်းခဲ့ပါတယ်။ အဲဒီကတည်းက ဒီကမ်ပိန်းဟာ ကလေးနဲ့လူငယ်တွေအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေးမစ်ရှင်အတွက် UNICEF ကို ကူညီပြီး ရန်ပုံငွေ ဆက်လက်ရှာဖွေပေးနေခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ တောင်ကိုရီးယားသမ္မတဟောင်း မွန်ဂျေအင်းက BTS ကို အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ စက်တင်ဘာလမှာ BTS က သမ္မတမွန်ဂျေအင်းနဲ့အတူ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အဲဒီတုန်းက BTS အဖွဲ့ဝင်တွေက သူတို့ဟာ ပရိသတ်တွေနဲ့ အမြဲတမ်းအဆက်အသွယ်လုပ်ခဲ့ပြီး ရင်ဆိုင်နေရတဲ့ ပြဿနာတွေအကြောင်း လွတ်လပ်စွာ ပြောဆိုရတာ ကြိုက်တယ်လို့ ABC သတင်းဌာနကို ပြောပါတယ်။ သူတို့ ကုလသမဂ္ဂအတွက် မိန့်ခွန်းပြင်ဆင်နေချိန်မှာ #youthtoday နဲ့ #youthstories ဆိုတဲ့ hashtag တွေကို အသုံးပြုကြပါတယ်။

လက်ရှိမှာတော့ BTS က “Proof” အယ်လ်ဘမ်ကို ဇွန်လ ၁၀ ရက်နေ့မှာ ထွက်ရှိဖို့လည်း ပြင်ဆင်နေပါတယ်။

Ref: ABCNews & Soompi “BTS to meet with Biden at the White House”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top