AI တွေက အစားထိုး နေရာယူသွားတော့မယ့် အလုပ် (၅) မျိုး

35147123_2124788981109384_7090027644531507200_n.jpg

ဒီနေ့ခေတ်မှာ AI တွေက တော်တော်လေး ခေတ်စားလာနေသလို တရုတ်ကလည်း ဒီဈေးကွက်မှာ ဦးဆောင်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ၂၀၃ဝမှာ တရုတ်က ဒီဈေးကွက်မှာ ဦးဆောင်နိုင်ရမယ်ဆိုတဲ့ စီမံကိန်းနဲ့ ယွမ် တစ်ထရီလျံတောင် ၂၀၁၇ ခုနှစ်ကတည်းက ရင်းနှီးမြုပ်နှံထားခဲ့တာပါ။

နည်းပညာ အသစ်အဆန်းတွေဆို စိတ်အားထက်သန်စွာနဲ့ ဖန်တီးချင်ကြတဲ့ တရုတ်လူမျိုးတွေမို့ သိပ်တော့ မထူးဆန်းလှပါဘူး။ အကယ်၍များ AI ကသာ သိပ်ကို ဖွံ့ဖြိုးသွားပြီး လူတွေရဲ့ အလုပ်တွေပါ လုပ်နိုင်ပြီဆိုရင် ဘယ်သူတွေ အလုပ်ပြုတ်နိုင်ချေရှိမလဲဆိုတာ ဆက်ကြည့်ကြရအောင်။

တရားဥပဒေစိုးမိုးရေးလုပ်ငန်းဆောင်တာတွေ

အခုချိန်မှာတော့ စက်ရုပ်ရဲတွေ မပေါ်လာသေးပေမယ့် နိုဝင်ဘာလောက်မှာ ပေါ်လာမယ်ဆိုပြီး တရုတ်က ကြေညာထားပါတယ်။ ဟူဘိုင်း (Hubei) ပြည်နယ်ထဲက ဝူဟန် (Wuhan) မှာ စက်ရုပ် ရဲစခန်းတစ်ခု စတင်ထားရှိဖို့ ကြိုးစားနေကြပါတယ်။ မျက်နှာ ခွဲခြမ်းစိတ်ဖြာတဲ့ နည်းပညာကို အဓိက အသုံးပြုမှာဖြစ်ပြီး လူမျက်နှာကို မြင်တာနဲ့ သူ့အချက်အလက်တွေကို သိနိုင်မှာပါ။ ပြည်သူတွေအနေနဲ့ တိုင်ကြားဖို့ တန်းစီ စောင့်နေရတဲ့အဖြစ်က ကင်းဝေးတော့မှာပါ။

စာရင်းကိုင်

AI တွေ နေရာယူပစ်ဖို့ အသေချာဆုံး အလုပ်တစ်ခုကတော့ စာရင်းကိုင်အလုပ်ပဲ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ အလိုအလျောက် စာရင်းသွင်းတာမျိုး ပြုလုပ်လာကြတာကို သတိထားမိကြမယ်ထင်ပါတယ်။ AI တွေကို နေရာပေးလိုက်ခြင်းက လူတွေကြောင့် ဖြစ်တတ်တဲ့အမှားတွေကို လျော့ချပေးနိုင်မယ့်အပြင် အလုပ်လည်း ပိုတွင်တော့မှာပါ။ ကုန်ကျစရိတ်လည်း ပိုသက်သာမယ်လို့ သိရပါသေးတယ်။

အလုပ်အင်တာဗျူးတွေ

အခုဆိုရင် Goldman Sachs နဲ့ Unilever တို့က AI ရဲ့စွမ်းဆောင်ရည်တွေနဲ့ အင်တာဗျူးတွေ ပြုလုပ်လာကြပါပြီ။ အင်တာဗျူးမေးမယ့်သူရှေ့ ထိုင်နေစရာမလိုတော့ဘဲ ကွန်ပျူတာတွေ၊ ဖုန်းတွေရဲ့ webcam ကတစ်ဆင့် ဗီဒီယို ရိုက်ကူးပြီး အင်တာဗျူး ဖြေနိုင်တော့မှာ ဖြစ်ပါတယ်။ ဖြေဆိုသူတွေ သုံးသွားတဲ့ စကားလုံးတွေကို ကြည့်ပြီး ဘယ်လောက် ယုံကြည်မှုရှိရှိ ဖြေနေသလဲဆိုတာပါ သိနိုင်မှာပါ။ AI နဲ့ အင်တာဗျူးခံဖို့ သင်က နောက်ဆုံးစကာတင် စာရင်းထဲတော့ ပါဖို့လိုပါတယ်။

တယ်လီဖုန်းကတစ်ဆင့် ရောင်းဝယ်ခြင်း

အခုထဲက ဖုန်းကတစ်ဆင့် ရောင်းဝယ်သူတွေနေရာမှာ AI ကို တဖြည်းဖြည်း အစားထိုးနေကြတာကို သိမြင်ကြမှာပါ။ ဥပမာပြောရရင် ကျွန်တော်တို့တွေ telecom တွေဆီက အလိုအလျောက် ဖြေဆိုနေတဲ့ ကြော်ငြာဖုန်းတွေ လက်ခံရသလိုပေါ့။

ဧည့်ကြို

Amazon Alexa နဲ့ Google Home လို နည်းပညာမြင့်ပစ္စည်းတွေကတော့ AI နဲ့ပဲ ဧည့်ကြိုအလုပ်ကို ဆောင်ရွက်ပေးနေပါပြီ။ customer တွေ သိချင်တာ မှန်သမျှကို အသံနဲ့ အလိုအလျောက် ဖြေကြားပေးမှာဖြစ်ပြီး လူတွေလို အလုပ်များလို့ အသေးစိတ် မဖြေပေးနိုင်တဲ့အဖြစ်မျိုး ရှိတော့မှာ မဟုတ်ပါဘူး။

ကဲ ဘာတွေ ဘယ်လိုပြောင်းလဲလာတော့မလဲဆိုတာ အတူတူ စောင့်ကြည့်ကြရုံပေါ့။

Ref : NewsRepublic “Five jobs likely to be replaced in the future by artificial intelligence”

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top