မြန်မာနိုင်ငံရဲ့ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်တဲ့ MPT က ဒီဂျစ်တယ်နည်းပညာတိုးတက်မှုတွေအတွက် ဦးတည်ဆောင်ရွက်နေမှုနဲ့အတူ ခေတ်သစ်ဆက်သွယ်ရေးနည်းလမ်းတွေကို နိုင်ငံအဝှမ်းက ဒေသစုံမှာ ဖြန့်ကျက်ပေးတဲ့အနေနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပြီး နိုင်ငံအနှံအပြားမှာ တိုးတက်ပြောင်းလဲမှုတွေကို ဖော်ဆောင်လျက်ရှိပါတယ်။ လိုအပ်တဲ့ နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ဖြည့်ဆည်းပေးတာနဲ့အတူ တစ်နိုင်ငံလုံးက သုံးစွဲသူ ပြည်သူတွေရဲ့ လူနေမှုဘဝတွေကို တိုးတက် ပြောင်းလဲလာစေရန်အတွက်လည်း လူမှုအကျိုးပြုလုပ်ငန်းတွေကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိပါတယ်။ တာဝန်သိ ပြည်တွင်း ဆက်သွယ်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ အားလျော်စွာ မိမိတို့ရရှိထားတဲ့ အကျိုးအမြတ်တွေကို နိုင်ငံအတွက် ပြန်လည် အသုံးပြုလျက်ရှိပြီး အဓိကကဏ္ဍကြီးသုံးရပ်ဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ စွန့်ဦးတီထွင်နှင့် စီးပွားရေးလုပ်ငန်းငယ်များ ဖွံ့ဖြိုးရေး စသည်တို့မှာ အထောက်အပံ့ဖြစ်စေမယ့် လူမှုအကျိုးပြုလုပ်ငန်းတွေကို သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်အတူ စုပေါင်း ဆောင်ရွက်ခြင်းဖြင့် ကောင်းမွန်တဲ့ မှတ်တိုင်တွေကိုလည်း စိုက်ထူ ဖော်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။
ကဏ္ဍအသီးသီးမှာ ဒေသခံလူမှုအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ခြင်းက မြန်မာနိုင်ငံကို ရှေ့သို့လှမ်းချီနိုင်ရန်အတွက် အထောက်အပံ့ကောင်းဖြစ်စေမယ်လို့ MPT က ယုံကြည်ထားပြီး မိမိတို့လူမှု အဖွဲ့အစည်းအကြား နေ့စဉ်ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို စုပေါင်းဆောင်ရွက်ခြင်းဖြင့် ကျော်လွှား နိုင်မယ့်အပြင် လူမှုအကျိုးပြုလုပ်ငန်းတွေကို ဒေသခံအဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနဲ့အတူ အောက်ဖော်ပြပါကဏ္ဍတွေမှာ အားသွန်ခွန်စိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။
နိုင်ငံတစ်ဝှမ်း စုပေါင်းသွေးလှူဒါန်းပွဲများ
MPT ရဲ့ နိုင်ငံတစ်ဝှမ်း စုပေါင်းသွေးလှူဒါန်းခြင်းအစီအစဉ်က အသက်ရှင်သန်ရေးအတွက် သွေးရဲ့အရေးပါပုံကို ပြည်သူများအကြား အသိအမြင်များ ပိုမိုရရှိလာစေရန် ၊ သွေးလှူဒါန်းသူစေတနာရှင်တွေပိုမိုပေါ်ထွန်းလာစေရန်နှင့် ကျန်းမာရေးကဏ္ဍအတွက်သွေးလိုအပ်မှုကို တစ်တပ်တစ်အား ထောက်ပံ့ပေးရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ အဆိုပါသွေးလှူဒါန်းခြင်းအစီအစဉ်ကို ရန်ကုန်မြို့ရှိ အမျိုးသားသွေးဌာန နှင့် တိုင်းနှင့်ပြည်နယ်အစုံရှိ ဒေသပေါင်း (၁၇) ခုမှ ဆေးရုံများတွင်ပြုလုပ်ခဲ့ပြီး MPT အဖွဲ့သားများ၊ ဒေသခံ သွေးလှူရှင်များပါဝင်ခဲ့ကြကာ လက်ရှိအချိန်အထိ စုစုပေါင်းလူဦးရေ ၃,၀၀၀ ကျော်တို့မှ သန့်စင်သောသွေးကို ပါဝင်လှူဒါန်းခဲ့ကြပြီးဖြစ်ပါတယ်။ အခုအစီအစဉ်ကို “သန့်စင်သောသွေး လူသားအားလုံးရရှိရေး” ဟူသည့် ဆောင်ပုဒ် နှင့် အညီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
နိုင်ငံတစ်ဝှမ်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းလှုပ်ရှားမှုအစီအစဉ်
MPT ရဲ့ နိုင်ငံတစ်ဝှမ်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းအစီအစဉ်ကို သဘာဝဘေးအန္တရာယ်ဖြစ်နိုင်ချေနှင့် ကာဗွန်ထုတ်လွှတ်မှုများ လျော့ချနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်ရေးတို့နှင့် ပတ်သက်သော အသိအမြင်များ ပိုမိုမြင့်မားလာစေရန်တို့အပြင် အများပြည်သူတို့အကြားတွင် သစ်ပင် စိုက်ပျိုးခြင်းရဲ့ အရေးပါမှုကို ပိုမိုသိမြင်လာစေရန်အတွက် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ MPT ရဲ့”စိမ်းလန်းစေဖို့ရှေ့ဆက်စို့” အစီအစဉ် ဖြင့် လက်ရှိအချိန်အထိ သစ်ပင်ပေါင်း ၁၂,၀၀၀ ကျော်ကို လူဦးရေ ၈,၀၀၀ ကျော်ခန့်ဖြင့် အတူတကွ စိုက်ပျိုးခဲ့ပြီးလည်းဖြစ်ပါတယ်။ MPT အနေဖြင့် မြန်မာ့ လူမှုအဖွဲ့အစည်း အတွက် အရေးပါသည့် ကိစ္စရပ်များဖြစ်တဲ့ ဂေဟစနစ် ပိုမိုကောင်းမွန်စေရန်နှင့် ကျန်းမာရေးကို အထောက်အ ကူပြုစေနိုင်တဲ့ ကိစ္စရပ်တွေကို ဖြေရှင်းနိုင်စေရေးတွင် အများပြည်သူတို့ ပူးပေါင်း ပါဝင်နိုင်စေရန်အတွက် အားပေးလှုံ့ဆော်လျက်ရှိပြီး အဲဒီအခန်းကဏ္ဍတွေက လိုအပ်ချက်တွေအပေါ် အလေးအနက်ထားပြီး ဦးတည် ဖြည့်စွမ်းလျက်ရှိပါတယ်။
နိုင်ငံအဝှမ်း စုပေါင်းသန့်ရှင်းရေးလုပ်ရှားမှုများ
MPT က စိမ်းလန်းစေဖို့ရှေ့ဆက်စို့ ဆိုတဲ့ ဆောင်ပုဒ်နဲ့ သူတို့ရဲ့ဝန်ထမ်းများ၊ သုံးစွဲသူပြည်သူများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဒေသအသီးသီးရှိ မိဘပြည်သူများနှင့် အတူပူးပေါင်းကာ အထင်ကရနေရာများ၊ စေတီပုထိုးများ နှင့် အများပြည်သူ နေရာများတွင် သန့်ရှင်းရေး လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ပါတယ်။ ပြည်သူအများအနေနဲ့ သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်တဲ့ ပတ်ဝန်းကျင်ကိုအလေးထားစေနိုင်ရန်အတွက် အဲဒီလိုကျယ်ပြန့်တဲ့ လှုပ်ရှားမှုတွေကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် နှင့် ၂၀၁၈ ခုနှစ်တွင် လုပ်ဆောင်ခဲ့တဲ့ နိုင်ငံအဝှမ်းဆောင်ရွက်မှုတွေကတစ်ဆင့် ပြည်သူ ၁၅,၀၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
နှလုံးသားထဲက မြန်မာဆိုတဲ့ ခံယူချက်နှင့်အညီ MPT အနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုအကျိုးပြုလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆက်လက်ဆောင်ရွက်နေပြီး ဆက်လက်ပြီးတော့ အခုနှစ်အတွင်း (၈) ကြိမ်မြောက် နိုင်ငံအဝှမ်း သွေးလှူဒါန်းခြင်းအဖြစ် ဇူလိုင်လ (၁၈) ရက်မှာလည်းကောင်း၊ တတိယအကြိမ်မြောက် နိုင်ငံအဝှမ်းသစ်ပင်စိုက်ပျိုးခြင်းလှုပ်ရှားမှုတွေကို ဇူလိုင်လနှင့် သြဂုတ်လတွေမှာ လည်းကောင်း၊ ပြည်သူအများ အသိအမြင်များတိုးတက်လာစေရန်နှင့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် MPT ရဲ့ “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” လှုပ်ရှားမှုကိုလည်း ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် တတိယအကြိမ်မြောက်အဖြစ် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
Team (ရိုးရာလေး)