မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် လှုပ်ရှားမှုက ပုံမှန်တာဝန်လဲလှယ်မှုသာဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် ခြိမ်းခြောက်ဖို့ ရည်ရွယ်ခြင်းအလျဥ်းမရှိဘူးလို့ တုံ့ပြန်

17-9-2020-yyl-020.jpg

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်အနီးက လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပုံမှန်တာဝန်လဲလှယ်မှုသာဖြစ်ပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် ခြိမ်းခြောက်မှုပြုဖို့ ရည်ရွယ်ခြင်း အလျဥ်းမရှိဘူး လို့ မြန်မာဘက်က ပြန်လည်တုံ့ပြန်ပြောကြားလိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး H.E.Mr. Manjurul Karim Khan Chowdhury တို့ တွေ့ဆုံကြစဥ◌်မှာ ဦးအောင်မြင့်က အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၃ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံပြီး နှစ်နိုင်ငံနယ်စပ်အနီးက လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး သတိထောက်လွှာ ပေးအပ်ခဲ့မှုအပေါ်ကို ပြန်လည်တုံ့ပြန်ရှင်းလင်းလိုက်တာလည်း ဖြစ်ပါတယ်။

အခုလိုရွှေ့ပြောင်းလှုပ်ရှားမှုတွေဟာ ပုံမှန်တာဝန်ထမ်းဆောင်မှုရဲ့ တစ်စိတ်တစ်ဒေသ လှုပ်ရှားဆောင်ရွက် မှုသာဖြစ်ပြီးတော့ ရဲတပ်ဖွဲ့ဝင်တွေ တာဝန်ရွှေ့ပြောင်းရာမှာ မြန်မာပိုင်နက် နယ်နိမိတ်အတွင်းမှာသာ ဆောင်ရွက် ခဲ့တာဖြစ်တယ်လို့လည်း ဦးအောင်မြင့်က ဆိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့ နယ်စပ်ဒေသလုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး နှစ်နိုင်ငံကြားထူထောင်ထားတဲ့ နယ်ခြားဆက်ဆံရေးရုံးအချင်းချင်း ဆက်သွယ်ဆောင်ရွက်တဲ့ ယန္တရားမှတစ်ဆင့် ဆွေးနွေးညှိနှိုင်းဖြေရှင်းသွားဖို့ အသင့်ရှိတယ်လို့လည်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးနဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်တို့ဟာ စက်တင်ဘာ ၁၇ ရက်၊ မွန်းလွဲ ၁ နာရီခွဲက နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်ရုံးမှာ တွေ့ဆုံခဲ့တာဖြစ်ပြီးတော့ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကိုလည်း သတိထောက်လွှာတစ်စောင် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

Source & Photo – MOFA

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top