(၅) နှစ်အကြာမှ ကယ်လီဖိုးနီးယားပြည်နယ်မှာ ပလိပ်ရောဂါ ကူးစက်ခံရသူ တစ်ဦးတွေ့ရှိ

19-8-2020-yyl-003.jpg

ကယ်လီဖိုးနီးယားပြည်နယ်မှာ ပလိပ်ရောဂါကူးစက်ခံရသူတစ်ဦးကို ကျန်းမာရေး အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။ ဒါက (၅) နှစ်အကြာမှာ ပထမဆုံးတွေ့ရှိတာ ဖြစ်ပါတယ်။ California Department of Public Health က အိမ်မှာ ပြန်ကောင်းမွန်လာဖို့အတွက် ဆေးကုသမှုခံယူနေရတဲ့ ပြည်တွင်းဒေသခံတစ်ဦးရဲ့ ပိုးတွေ့ရလဒ်ကို သတိပေးခဲ့တာဖြစ်တယ်လို့ အီ ဒိုရာဒို ကောင်တီ (EI Dorado County) က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

ပလိပ်ရောဂါပိုးကို ရှဉ့်၊ မြောက်အမေရိကရှဉ့်နဲ့ အခြားကိုက်ဖြတ်တတ်တဲ့ တိရစ္ဆာန်တွေရဲ့ သန်းကနေတဆင့် ကူးစက်ပျံ့နှံ့တာဖြစ်ပါတယ်။ ခွေးနဲ့ကြောင်တွေကလည်း ပလိပ်ရောဂါ ကူးစက်စေနိုင်တဲ့သန်းတွေကို သယ်ဆောင်လာနိုင်ပါတယ်။ ပလိပ်ရောဂါတွေ့ရှိသူက South Lake Tahoe မြို့က ဒေသခံဖြစ်ပြီး Truckee River ကမ်းစပ်တစ်လျှောက်မှာ ခွေးလေးနဲ့ လမ်းလျှောက်နေရင်း ရောဂါပိုးရှိတဲ့သန်း အကိုက်ခံခဲ့ရတာဖြစ်ပါတယ်။ “အပြင်ထွက်တဲ့အခါ လူတစ်ယောက်ချင်းစီတိုင်းက ကိုယ်ကိုယ်တိုင်အတွက်ရော သူတို့ရဲ့အိမ်မွေးတိရစ္ဆာန် လေးတွေအတွက်ပါ ကြိုတင်ကာကွယ်မှုတွေ လုပ်ထားဖို့အရေးကြီးပါတယ်။

အထူးသဖြင့် ကိုက်ဖြတ်တတ်တဲ့ တောရိုင်းတိရစ္ဆာန်တွေရှိတဲ့ နေရာတွေမှာ လမ်းလျှောက်ရင်၊ တောင်တက်ရင်၊ Camp သွားရင်ပေါ့။ လူတွေမှာ ပလိပ်ရောဂါကူးစက်ခံရတာ ရှားပါတယ်။ ဒါပေမဲ့ ဒါက အရမ်းပြင်းထန် နိုင်ပါတယ်”လို့ ပြည်သူ့ကျန်းမာရေးအရာရှိ ဒေါက်တာ နမ်ဆီ ဝီလျံ (Dr. Nancy Williams) က ပြောပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာ ၂၀၁၅ခုနှစ်က ပလိပ်ရောဂါကူးစက်ခံရသူ (၂) ဦးကို နောက်ဆုံးတွေ့ရှိခဲ့တာပါ။ အဲဒီ (၂) ဦးက Yosemite National Park မှာ ရောဂါပိုးရှိတဲ့တိရစ္ဆာန် (သို့) သူတို့ရဲ့သန်းတွေကို ထိတွေ့မိခဲ့တာကြောင့် ပလိပ်ရောဂါကူးစက်ခံခဲ့ရပါတယ်။ နှစ်ယောက်လုံးက ဆေးကုသမှုခံယူခဲ့ပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်ခဲ့ပါတယ်။

အဲဒီကတည်းကနေ ပလိပ်ရောဂါကူးစက်ခံရသူ မရှိခဲ့ပါဘူး။ ဒါပေမဲ့ South Lake Tahoe တစ်ဝိုက်က စုစုပေါင်း မြေအောင်းရှဉ့်၊ မြောက်အမေရိကရှဉ့်အကောင် (၂၀) က ၂၀၁၆ခုနှစ် ကနေ၂၀၁၉ခုနှစ်အထိ ပလိပ်ရောဂါပိုးကို ထိတွေ့မိခဲ့တယ်ဆိုတဲ့ သက်သေပြချက်ကို အာဏာပိုင်တွေက တွေ့ရှိခဲ့ပါတယ်။ အဲဒီကိုက်ဖြတ်တတ်တဲ့ တိရစ္ဆာန်တွေက Tallac Historic Site၊ Fallen Leaf Campground (ဒါမှမဟုတ်) Taylor Creek Visitor Center အနီးနားကဖြစ်တယ်လို့ သိခဲ့ရပါတယ်။

ပလိပ်ရောဂါရဲ့လက္ခဏာရပ်တွေက ဖျားနာတာ၊ ပျို့အန်တာ၊ အားနည်းတာ၊ သွေးရည်ကြည်အဖုတွေ ရောင်ရမ်းတာတွေဖြစ်ပြီး ရောဂါပိုးရှိတဲ့တိရစ္ဆာန်တစ်ကောင်နဲ့ ထိတွေ့မိတဲ့နေ့ကစပြီး (၂) ပတ်အတွင်းမှာ ရောဂါလက္ခဏာပြပါတယ်။ ဒီရောဂါကို ပဋိဇီဝဆေးနဲ့ ကုသလို့ရနိုင်ပါတယ်။ ဒါပေမဲ့ စောစောစီးစီး မကုသဘူးဆိုရင်တော့ အသက်ဆုံးရှုံးရနိုင်ပါတယ်။ အလယ်ခေတ်လောက်တုန်းက ဒီပလိပ်ရောဂါကြောင့် ဥရောပနိုင်ငံက လူ သန်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ အခုခေတ်မှာတော့ ပလိပ်ရောဂါဖြစ်ပွားမှုက အရမ်းရှားသွားပါပြီ။

Ref: CBSNew “California confirms first case of plague in 5 years”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top