မီးဘေးကနေ မိသားစုတစ်စုနဲ့ ခွေး ၂ ကောင်ကို ကယ်တင်ခဲ့လို့ ဟီးရိုးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ အိမ်ရာမဲ့အမျိုးသား

28.5.2023-yyl-9.jpg

အိမ်ရာမဲ့ အမျိုးသား ဂျိုး ဟိုလ်လင်းစ်က တိုက်ခန်းတစ်ခုရဲ့ပြတင်းပေါက်ကနေ အော်ပြီးအကူအညီတောင်းနေတဲ့ အမျိုးသမီးတစ်ဦးရဲ့အသံကို ကြားခဲ့တယ်။ အဲဒီအမျိုးသမီးက သူ့ရဲ့တိုက်ခန်းမီးလောင်နေတဲ့အတွက် သူတို့မိသားစုကို တစ်စုံတစ်ယောက်လာကယ်ဖို့ တောင်းဆိုနေခဲ့တာပါ။ အဲဒါကို ကြားပြီး မြင်တွေ့သွားခဲ့တဲ့ ဂျိုးက မီးလောင်နေတဲ့ တိုက်ခန်းကနေ မိသားစု ၃ ဦးနဲ့ ခွေးလေး ၂ ကောင်ကို ကယ်တင်ပေးခဲ့ပါတယ်။ အခုလို လုပ်ရပ်လုပ်ခဲ့တဲ့အတွက် သူဟာ ဟီးရိုးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ဒီဖြစ်ရပ်ကတော့ မေလ ၁၈ ရက်နေ့က ဖြစ်ခဲ့တာပါ။ ကလော်ဒီယာ ဂျင်မီနက်ဇ် ဆိုတဲ့ အမျိုးသမီးက မနက်အစောကြီး အိပ်ရာနိုးလာတဲ့အချိန် သူ့တိုက်ခန်းအဆောက်အဦးကို မီးတောက်တွေက ဝါးမြိုနေတာကို တွေ့ခဲ့ရတာပါ။ အောက်ထပ်ဆင်းမယ့် ရှေ့တံခါးပေါက်ကလည်း ပိတ်မိနေတာကြောင့် သူရယ် သူ့ကလေးနှစ်ယောက်ရယ် ခွေးလေး ၂ ကောင်က အပြင်ထွက်လို့မရဘူးဆိုတာ ကလော်ဒီယာ သိလိုက်ရတယ်။ ဒါကြောင့် တစ်စုံတစ်ယောက် လာကယ်ဖို့ အကူအညီတောင်းခဲ့ရတာပါ။

အဲဒီအချိန်မှာ ကလော်ဒီယာရဲ့တိုက်ခန်းအနီးနားကို တဲထိုးပြီးယာယီနေတဲ့ ဂျိုး ဟိုလ်လင်းစ်နဲ့ သူ့ဇနီးက ကြားသွားခဲ့တာပါ။ ဂျိုးက ကူညီဖို့ ပြေးသွားခဲ့တယ်။ တိုက်ခန်းရောက်တာနဲ့ ဘေးပြတင်းပေါက်အောက်ကနေ ကလေးတွေကို သူ့ဆီ ချပေး၊ သူ ဖမ်းထားပေးမယ်လို့ ကလော်ဒီယာကို ပြောခဲ့တယ်။ ကလေး ၂ ယောက်ကို ဘေးကင်းစွာနဲ့ ကယ်တင်ပြီးနောက် ကလော်ဒီယာက ခွေးလေး ၂ ကောင်ကို သူ့ထက်အရင် ကယ်တင်ခိုင်းခဲ့တယ်။

ကလော်ဒီယာအလှည့်ရောက်တဲ့အချိန် ပြတင်းပေါက်ကနေ ခုန်မချရဲဖြစ်ခဲ့တဲ့အတွက် ဂျိုးက သူ ဖမ်းထားမယ်၊ မစိုးရိမ်နဲ့လို့ နှစ်သိမ့်ပေးခဲ့ရပါတယ်။ သူ့တိုက်ခန်းနဲ့ ပိုင်ဆိုင်တဲ့ပစ္စည်းတွေကတော့ မီးလောင်ပျက်စီးသွားပေမဲ့ ဂျိုးရဲ့ကျေးဇူးကြောင့် သူတို့မိသားစုကတော့ ဘေးကင်းခဲ့ပါတယ်။
“ကျွန်မ သူ့ကို အမြဲ ကျေးဇူးတင်နေမှာပါ။ ကျွန်မ ပြောခဲ့သလိုပဲ ကျွန်မ့အတွက် သူက နတ်သားတစ်ပါးပါပဲ။ သူ့ကြောင့် ကျွန်မတို့ အခုလိုအသက်ရှင်နေပြီး ကျွန်မရဲ့သမီးလေးတွေက ဘေးကင်းနေတာပါ”လို့ ကလော်ဒီယာက ဆိုပါတယ်။ ဂျိုးကတော့ သူ့ကို ဟီးရိုးအဖြစ် သတ်မှတ်ကြတာကို လက်မခံခဲ့ပါဘူး။ ဒီဖြစ်ရပ်ကြုံလာရင် ဘယ်သူမဆို သူ့လိုပဲ လုပ်ကြမှာလို့ သူက ဆိုပါတယ်။

Ref: ‘He Was An Angel’: Homeless Man Hailed A Hero After Saving A Family, 2 Dogs From Burning Home

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top