ချမ်းသာတဲ့နိုင်ငံတွေမှာ ပိုလျှံနေတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို ဖွံ့ဖြိုးမှုအားနည်းတဲ့နိုင်ငံတွေထံ တင်ပို့ပေးဖို့ တောင်းဆို

29-10-2021yyl12.jpg

ဗြိတိန်အပါအဝင် ချမ်းသာတဲ့ နိုင်ငံတွေအနေနဲ့ ပိုလျှံနေတဲ့ ကိုဗစ်ကာကွယ်ဆေး သန်းပေါင်းများစွာကို ဖွံ့ဖြိုးမှုအားနည်းနေသေးတဲ့ နိုင်ငံတွေထံ ပို့ဆောင်ပေးကြဖို့ ကမ္ဘာ့ခေါင်းဆောင်ဟောင်းတွေနဲ့ အထင်ကရပုဂ္ဂိုလ် ၁၆၀ ကျော်က လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြပါတယ်။

ကိုဗစ်-၁၉ ရောဂါကြောင့် နေ့စဉ်နေ့တိုင်း လူထောင်ချီ သေဆုံးနေချိန်မှာ ကာကွယ်ဆေးတွေကို အလဟသဖြုန်းတီးပစ်တာဟာ လူ့ကျင့်ဝတ်မစောင့်ဆိုင်းရာ ရောက်လိမ့်မယ်လို့ သူတို့က ဆိုပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွန်ဘရောင်း ဦးဆောင်ပြီး သမ္မတဟောင်း ၃၆ ဦး၊ ဝန်ကြီးချုပ်ဟောင်း ၃၀ ဦး၊ အထင်ကရပုဂ္ဂိုလ် ၁၀၀ ကျော် ပါဝင်တဲ့ လူစုဟာ အီတလီဝန်ကြီးချုပ် မာရီယိုဒရာဂီထံ လိပ်မူပြီး စာပေးပို့ခဲ့ကြတာပါ။ မာရီယိုဒရာဂီဟာ ဒီတစ်ပတ် အားလပ်ရက်ကျရင် ရောမမြို့မှာ G-20 အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေး လက်ခံကျင်းပမှာ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်ကာကွယ်ဆေး ၆ ဘီလျံကျော် ထိုးနှံပေးခဲ့ပြီးဖြစ်ပေမဲ့ ၇၀ ရာခိုင်နှုန်းကို ချမ်းသာတဲ့ နိုင်ငံအနည်းစုမှာ ထိုးနှံပေးခဲ့တာဖြစ်ပြီး ဝင်ငွေနည်း နိုင်ငံတွေမှာ ကာကွယ်ဆေး ထိုးနှံပြီးသူ ၂ ရာခိုင်နှုန်းလောက်ပဲ ရှိသေးတယ်လို့ ဆိုပါတယ်။ အောက်တိုဘာလအကုန်ကျရင် အမေရိကန်၊ ဗြိတိန်၊ ကနေဒါနဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေမှာ အသုံးမပြုဘဲ ပိုလျှံနေတဲ့ ကိုဗစ်ကာကွယ်ဆေး သန်း ၂၄၀ ရှိလာမှာဖြစ်ပြီး အဲဒီဆေးတွေကို လိုအပ်ချက်အများဆုံး နိုင်ငံတွေထံ အမြန်ဆုံး ပို့ဆောင်ပေးကြဖို့ စာထဲမှာ တိုက်တွန်းထားပါတယ်။

လစဉ်လတိုင်း ပိုလျှံနေတဲ့ ကာကွယ်ဆေးသန်းပေါင်းများစွာ တင်ပို့ပေးမယ်ဆိုရင် လာမယ့် ၄ လအတွင်း ကိုဗစ်ကာကွယ်ဆေး ၁.၁ ဘီလျံအထိ တင်ပို့နိုင်လိမ့်မယ်လို့ ဖြည့်စွက်ရေးသားထားပါတယ်။ အဲဒီလိုသာ ပို့ဆောင်ပေးနိုင်မယ်ဆိုရင် လာမယ့်နှစ် နွေဦးကာလမှာ အရွယ်ရောက်ပြီးသူအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး ထိုးနှံပြီးစီးရမယ်ဆိုတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ရဲ့ လျာထားချက်နဲ့လည်း ကိုက်ညီလိမ့်မယ်လို့ စာထဲမှာ ရေးသားထားပါတယ်။

တဆက်တည်းမှာပဲ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကလည်း ချမ်းသာတဲ့နိုင်ငံတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ဝေမျှပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းနီးပါးကို ကာကွယ်ဆေး ထိုးနှံခဲ့ပြီဖြစ်ပါတယ်

Ref: BBC “Call for rich nations to airlift millions of surplus vaccines”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top