အိန်ဂျလီနာဂျိုလီရဲ့သမီးတွေက မိခင်ဝတ်ဆင်ခဲ့ဖူးတဲ့ဝတ်စုံတွေ ဝတ်ဆင်ပြီး ပွဲတက်ရောက်

29-10-2021yyl1.jpg

နာမည်ကြီးမင်းသမီး အိန်ဂျလီနာဂျိုလီဟာ သူ ပါဝင်သရုပ်ဆောင်ထားတဲ့ “The Eternals” ရုပ်ရှင်ကားအထူးပြပွဲကို သူ့ရဲ့ကလေးတွေနဲ့အတူ တက်ရောက်ဖြစ်နေပါတယ်။ အဲဒီပွဲမှာ သူ့သမီးတွေက ဂျိုလီ ပွဲအခမ်းအနားတွေတက်ရောက်ခဲ့တုန်းက ဝတ်ဆင်ခဲ့တဲ့ဝတ်စုံတွေကို ပြန်ပြီးဝတ်ဆင်လာခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ ဒါကိုကြည့်ချင်အားဖြင့် ဂျိုလီရဲ့သမီးတွေက မိခင်ရဲ့အဝတ်ဗီရိုကနေ အဝတ်တွေကို သူတို့စိတ်ကြိုက်ယူဝတ်လို့ရနေတဲ့ပုံပါပဲ။

ဂျိုလီက UK မှာ “The Eternal” ရုပ်ရှင်ကားအထူးပြပွဲကိုသူ့ရဲ့ကလေး (၅) ဉီးနဲ့အတူ တက်ရောက်ခဲ့တာပါ။ အဲဒီမှာ သူ့ရဲ့ အသက် ၁၅နှစ်အရွယ် သမီး ရှီလော့ချ် (Shiloh) ဟာ ၂၀၁၉ခုနှစ်တုန်းက သူ ဝတ်ဆင်ခဲ့တဲ့ Dior Dress ကို ပြန်လည်ဖန်တီးဝတ်ဆင်ခဲ့တာတွေ့ရပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းကလည်း ဂျိုလီရဲ့ အသက် ၁၆ နှစ်သမီး ဇာဟာရာ (Zahara) ကလည်း နောက်ထပ် “Eternals” အထူးပြုပွဲကို တက်ရောက်ခဲ့ပြီး ၂၀၁၄ခုနှစ်က ဂျိုလီရဲ့အော်စကာပွဲတက်ဝတ်စုံကို ဝတ်ဆင်ခဲ့ပါသေးတယ်။

မကြာသေးခင်က အင်တာဗျူးတစ်ခုမှာတော့ ဂျိုလီက သူ့ရဲ့ကလေးတွေကို သူ့ရဲ့အဝတ်ဗီရိုကနေ သူတို့ကြိုက်နှစ်သက်တာ ယူနိုင်တယ်လို့ ပြောထားကြောင်း ဆိုပါတယ်။ “ကျွန်မဆို အိုမိုင်ဂေါ့..တောင်ဖြစ်ရတယ်။ ဒါကို ဝတ် ဝတ်၊ အမေထက်တောင် ကြည့်ကောင်းတယ်။ ဒါကို ယူလိုက်။ သမီးအတွက်ပဲ”လို့ ဂျိုလီက ပြောပါတယ်။ သူက ကိုယ်ပိုင်ပိုင်ဆိုင်မှုတွေကို အခြားသူတွေယူတာ၊ ထိတာမကြိုက်တဲ့ မိဘတွေလိုမျိုးမဟုတ်ဘူးလို့လည်း ဂျိုလီက ဆိုပါတယ်။

The Eternals မှာ Thena အဖြစ် သရုပ်ဆောင်ထားတဲ့ဂျိုလီက ဇာတ်ကားမှာ ပါဝင်ဖြစ်တာနဲ့ပတ်သက်ပြီး အင်တာဗျူးမှာ ဖြေထားတာကတော့ ရုပ်ရှင်ကားမှာတွေ့ရတဲ့ ကွဲပြားတဲ့သရုပ်ဆောင်တွေက သူ့ရဲ့ကိုယ်ပိုင်မိသားစုနဲ့ပတ်သက်ပြီး သူ့ကို သတိပေးနေတဲ့အတွက်ရော စိတ်လှုပ်ရှားစေတဲ့အတွက်ပါ Marvel Cinematic Universe မှာ ပါဝင်ချင်ခဲ့တာလို့ ဆိုပါတယ်။ “အခု ကျွန်မတို့နေထိုင်တဲ့ကမ္ဘာကြီးကို ကိုယ်စားပြုတဲ့ မိသားစုတစ်ခု ဖြစ်လာတော့မှာမို့လို့ ကျွန်မက ကျွန်မ ပါဝင်ရတဲ့အခန်းနဲ့ပတ်သက်ပြီး ဘယ်လောက်ပဲ ပါဝင်ရသည်ဖြစ်စေ အဲဒါက ဘာပဲဖြစ်ဖြစ် ဂရုမစိုက်ပါဘူး။ ကျွန်မ ဒီမိသားစုကို ပြန်လိုချင်ရုံပါပဲ။ ဒီမိသားစုကို ပိတ်ကားထက်မှာ မြင်တွေ့ချင်ခဲ့တယ်။ ဒါကြောင့် ဇာတ်ညွန်းကို မဖတ်ပဲ အားလုံးပါဝင်ခဲ့တယ်။ ယုံကြည်ချက်နဲ့ အားလုံး ပါဝင်ခဲ့သလို ဒီဇာတ်ကားနောက်ကွယ်မှာ ပေးချင်တဲ့ မက်ဆေ့ချ်ရှိတယ်ဆိုတဲ့ နားလည်မှုနဲ့ပါဝင်ဖြစ်တယ်”လို့ ဆိုပါတယ်။

“The Eternals” ဇာတ်ကားကိုတော့ နိုဝင်ဘာ ၅ ရက်မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

Ref: ABCNews “Angelina Jolie’s daughter, Shiloh, hits red carpet in her mom’s dress”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top