အိုဘားမားလက်ထက် ရွှေ့ပြောင်း နေထိုင်သူမူဝါဒ အဆုံးသတ်စေဖို့ ဒေါ်နယ်ထရမ့်ရဲ့ ကြိုးပမ်းမှု ရှုံးနိမ့်

19-6-2020-yyl-039.jpg

ရွှေ့ပြောင်းနေထိုင်သူ ကလေးငယ်တွေ ပြည်နှင်ဒဏ် ပေးမခံရအောင် ကာကွယ်ပေးထားတဲ့ အစီအစဉ်ကို အဆုံးသတ်ဖို့ ရည်ရွယ်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကြိုးပမ်းမှုက တရားဥပဒေနဲ့ မကိုက်ညီဘူးလို့ အမေရိကန် အထက်တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပါတယ်။ Deferred Action for Childhood Arrivals (Daca) အစီအစဉ်ဟာ ကလေးဘဝကတည်းက လိုအပ်တဲ့ စာရွက်စာတမ်းမပါဘဲ အမေရိကန်နိုင်ငံကို ဝင်ရောက်လာခဲ့သူ ၆၅၀၀၀၀ ကို ပြည်နှင်ဒဏ်ပေးမခံရအောင် ကာကွယ်ပေးထားပါတယ်။ သမ္မတဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့ဟာ အိုဘားမားလက်ထက်က ကျင့်သုံးခဲ့တဲ့ အဲဒီမူဝါဒကို အဆုံးသတ်စေဖို့ ၂၀၁၇ ခုနှစ်ကတည်းက စတင်လှုပ်ရှားခဲ့တာပါ။ ‌ဒေါ်နယ်ထရမ့်အစိုးရက (Daca) အစီအစဉ်ကို အဆုံးသတ်ဖို့ တိတိကျကျ ရှင်းပြနိုင်ခြင်းမရှိသလို သူတို့ရဲ့ဖြေရှင်းချက်တွေက ရှေ့နောက်မညီဘူးလို့ အောက်တရားရုံးတွေက ဆုံးဖြတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ အဲဒီကိစ္စကို အထက်တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပါတယ်။ အထက်တရားရုံးချုပ်မှာ တရားသူကြီး ၉ ယောက်ရှိတဲ့အနက် အောက်တရားရုံးတွေရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံသူ ၅ ဦး၊ ကန့်ကွက်သူ ၄ ဦး ရှိခဲ့ပြီး ထောက်ခံတဲ့ဘက်က အနိုင်ရခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အထက်တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ရှုတ်ချတယ်လို့ တွစ်တာပေါ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ ” အထက်တရားရုံးချုပ်ကနေ ကြောက်စရာကောင်းပြီး နိုင်ငံရေးလွှမ်းမိုးမှုပါတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တာဟာ ကိုယ့်ကိုယ်ကိုယ် ရီပတ်ဗလစ်ကန် ဒါမှမဟုတ် ကွန်ဆာဗေးတစ်လို့ ဂုဏ်ယူဝံ့ကြွားစွာ ပြောနေသူရဲ့ မျက်နှာကို သေနတ်နဲ့ပစ်လိုက်သလိုပါပဲ”လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ အထက်တရားရုံးချုပ်မှာ တရားသူကြီးနေရာ လစ်လပ်ခဲ့ရင် ကွန်ဆာဗေးတစ် တရားသူကြီးတွေ ထပ်မံခန့်အပ်နိုင်ဖို့ လာမယ့်နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲမှာ သူ့ကို မဲပေးကြဖို့ ဒေါ်နယ်ထရမ့်က တိုက်တွန်းခဲ့ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top