ဘဝဟာ အံ့သြစရာအပြည့်နဲ့ပါပဲ။ ဒါပေမဲ့ တစ်ခါတလေ ဘဝက အမြဲတမ်းတော့ မကောင်းပါဘူး။ နေတတ်ရင်တော့ ဘဝကြီးက ပျော်စရာကြီးပါ။ ဖူဂျူမန် (Phu Joon Meng) ဆိုတဲ့ အသက် (၂၃) နှစ်အရွယ်ကျောင်းသားလေးက ရောဂါဆိုးကြီးကို ခံစားနေရပေမယ့် ဘဝကို အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။ သူဟာ အဆင့် ၄ ဦးနှောက်အကြိတ်ကင်ဆာရောဂါကို ခံစားနေရတာဖြစ်ပါတယ်။ သြဂုတ်လ ၁၈ ရက်နေ့မှာ ဖူဂျူမန်ဟာ University College of Technology Sarawak က ချီးမြှင့်တဲ့ ပထမဆုံး Aegrotat Degree (Quantity Surveying ဝိဇ္ဇာဘွဲ့) ကို ရရှိခဲ့ပါတယ်။ ဒီဘွဲ့က ပြင်းထန်တဲ့ရောဂါအခြေအနေကြောင့် ပညာရေးကို ပြီးမြောက်အောင် မလုပ်နိုင်တဲ့ ကျောင်းသားတွေကို ချီးမြှင့်ပေးအပ်တဲ့ဘွဲ့ဖြစ်ပါတယ်။

ဖူဂျူမန်က ၂၀၁၇ခုနှစ်ဧပြီလမှာ Sibu Campus မှာ ပညာသင်ကြားခဲ့ပါတယ်။ သူက ခါးပတ်နက်တိုက်ကွမ်ဒိုဆရာ ဖြစ်ခဲ့ပါတယ်။ သူဟာ အဆင့် ၄ ဦးနှောက်အကြိတ် ကင်ဆာရောဂါကြီးဖြစ်လာမယ့် ကံကြမ္မာကို ရှောင်လွှဲလို့ မရနိုင်ခဲ့ပါဘူး။ ၂၀၁၉ခုနှစ် မေလ၊ Semester နောက်ဆုံးနေ့မှာ အသက်သေလောက်တဲ့ ကင်ဆာရောဂါရှိတယ်ဆိုတာကို သိရှိသွားခဲ့ရတာပါ။ “ကျွန်တော်က တိုက်ကွမ်ဒိုကလပ်က ဖြစ်တဲ့အတွက် လေ့ကျင့်ရေး ပြီးတဲ့နောက်မှာ မူးဝေအားနည်းသလို ခံစားခဲ့ရပါတယ်။ အစက တစ်နေ့တည်းနဲ့ အရမ်းအားစိုက်မိနေတဲ့အတွက်ကြောင့်ဖြစ်မယ်လို့ ကျွန်တော်ထင်ခဲ့တယ်။ ဘာလေ့ကျင့်ခန်းမှ မလုပ်ဘဲနဲ့ မူးဝေသလိုခံစားခဲ့ရပြီး အော့အန်တဲ့အခါမှာ ဆေးရုံကို သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ တစ်ခုခုဖြစ်နေပြီဆိုတာကို ကျွန်တော်သိခဲ့ရပါတယ်။ ကျွန်တော့်ရဲ့ဦးနှောက်မှာ တစ်ခုခုကြီးထွား လာနေတယ်လို့ ဆရာဝန်ဆီက ကြားလိုက်ရတဲ့အခါမှာ ကျွန်တော့်ကမ္ဘာကြီးတစ်ခုလုံး ပြိုလဲသွားသလို ခံစားခဲ့ရပါတယ်”လို့ ဖူဂျူမန်က ဆိုပါတယ်။

ဖူဂျူမန်ဟာ ဦးနှောက်အကြိတ် ကြီးထွားနေတယ်ဆိုတာ သိပြီးတဲ့နောက်မှာ ပညာရေးကို ရပ်ဆိုင်းထားခဲ့ပြီး Sarawak General Hospital မှာ ဆေးကုသမှုခံယူခဲ့ပါတယ်။ ခွဲစိပ်ကုသမှုလုပ်တော့လည်း အဲဒီအချိန်မှာ အောင်အောင်မြင်မြင်နဲ့ခွဲစိပ်နိုင်ခဲ့ပါတယ်။ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသလို ခံစားခဲ့ရပါတယ်။ (၆) လလောက်အနားယူပြီးတဲ့နောက် အခုနှစ် ဖေဖော်ဝါရီလမှာ သူ့ရဲ့ပညာရေးကို ဆက်လက်သင်ယူခဲ့ပါတယ်။ ဖူဂျူမန်က ဆေးရုံကို အဆက်မပြတ်သွားနေရပေမယ့် အွန်လိုင်းကျောင်းသင်ခန်းစာတွေမှာ တက်ကြွစွာ ပါဝင်ခဲ့တာကြောင့် တက္ကသိုလ်ဆရာ၊ ဆရာမတွေတောင် အံ့အားသင့်ခဲ့ကြရပါတယ်။ ဒါပေမဲ့ ကင်ဆာဆဲလ်တွေက အမြစ်မပြတ်နိုင်ခဲ့ပါဘူး။ ဖူဂျူမန်ရဲ့ခန္ဓာကိုယ်အခြားအစိတ်အပိုင်းတွေဆီ ကင်ဆာဆဲလ်တွေ ပျံ့နှံံ့သွားပါတယ်။ ဓာတုကုထုံးနဲ့ကုသမှုကလည်း မထိရောက်ခဲ့ပါဘူး။ မူးဝေတာ၊ ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာ၊ အိပ်ရေးပျက်တာ၊ အစာစားချင်စိတ်မရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေ စတင်ခံစားလာခဲ့ရပါတယ်။ လက်ရှိအခြေအနေကို ဖြေရှင်းနိုင်မယ့် အကောင်းဆုံးနည်းလမ်းက ကုသတာကို ရပ်ပစ်လိုက်ဖို့နဲ့ ကျန်ရှိနေတဲ့နေ့ရက်တွေကို ပျော်ရွှင်စွာဖြတ်သန်းဖို့ပါပဲလို့ ဆရာဝန်က သူ့ကို ပြောလိုက်တဲ့အတွက် ဖူဂျူမန်က စိတ်ဓာတ်ကျသွားစေခဲ့ပါတယ်။

“အရမ်းနေမကောင်းဖြစ်နေပေမယ့် ဘွဲ့ယူနေတဲ့ဒီပုဂ္ဂိုလ်က အရမ်းဆုံးဖြတ်ချက်ပြတ်သားတယ်။ အရမ်းအလုပ်ကြိုးစားတယ်။ စာတွေကို လေ့လာသင်ယူနိုင်တယ်” လို့UCTSရဲ့ ဒုတိယအဓိပတိက ပြောပါတယ်။ ဖူဂျူမန်ရဲ့အကြောင်းကို UCTS ပညာရေးအဖွဲ့ကို တင်ပြခဲ့ပါတယ်။ တွဲဖက်ပါမောက္ခက အဆိုပြုချက်ကို အတည်ပြုပေးခဲ့ပါတယ်။ ဒါကြောင့် ထောက်ခံအတည်ပြုပေးဖို့အတွက် အချိန်အကြာကြီးမယူခဲ့ရပါဘူး။ ဘွဲ့နှင်းအပ်ပွဲ အခမ်းအနားမှာ သူ့နဲ့အတူ သူ့မိဘတွေရှိနေပေးခဲ့ပါတယ်။ သူ့မိဘတွေကလည်း ဒီအထူးသီးသန့်ဘွဲ့ကို သူ့သားကို ပေးအပ်ခဲ့တဲ့အတွက် UCTS ကို အရမ်းကျေးဇူးတင် နေပါတယ်။ “ကျွန်တော့်အတွက် ဒီအခမ်းအနားကို စီစဉ်ပေးဖို့အတွက် အားလုံး Sibu ကနေ လာခဲ့ကြတဲ့အတွက် UCTS ကို အရမ်းကျေးဇူးတင်ပါတယ်”လို့ ဖူဂျူမန်က ဆိုပါတယ်။ ကျန်းမာရေးက အရမ်းအရေးကြီးပြီး ဒါကို ပေါ့ပေါ့တန်တန်လို့သဘောမတူရဘူးလို့ ဖူဂျူမန်က ဆိုထားပါသေးတယ်။ ဖူဂျူမန်က “ကျွန်တော် ကမ္ဘာကြီးပေါ်ကနေ ထွက်မသွားခင် ကျွန်တော့်မိဘတွေနဲ့ ကျွန်တော့်ရဲ့ညီအစ်ကိုတွေနဲ့ အမှတ်တရတွေ ဖန်တီးချင်ပါတယ်”တဲ့။
Ref: 23yo Cancer-Stricken Student Awarded UCTS’ First Aegrotat Degree, Last Days To Be Spent As A Graduate
WL (ရိုးရာလေး)