Aphasia ရောဂါကြောင့် အနုပညာလောကကနေ အနားယူတော့မယ့် မင်းသားကြီး ဘရုစ်ဝီလီ

1-4-2022-yyl-10.jpg

ဟောလိဝုဒ်လောကရဲ့ အက်ရှင်မင်းသားကြီး ဘရုစ်ဝီလီ (Bruce Willis) ဟာ Aphasia ရောဂါကို ခံစားနေရပြီး သရုပ်ဆောင်အလုပ်ကနေ နှုတ်ထွက်တော့မယ်လို့ သူ့ရဲ့မိသားစုက ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။ Aphasia ရောဂါဆိုတာက ရောဂါခံစားနေရတဲ့သူကို ဘာသာစကားနားလည်နိုင်စွမ်းနဲ့ ပြောဆိုဆက်ဆံနိုင်စွမ်းအားနည်းသွားစေတဲ့ ကျန်းမာရေးအခြေအနေပါ။ အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ ဘရုစ်ရဲ့မိသားစုဝင်တွေဖြစ်တဲ့ ဇနီး အမ်မာ ဟမ်းမင်း ဝီလီစ် (Emma Heming Willis)၊ သမီး ရူမာ ဝီလီစ် (Rumer Willis) နဲ့ ဇနီးဟောင်း ဒယ်မီမိုး (Demi Moore) တို့အားလုံးက အင်စတာဂရမ်မှာ ရောဂါက ဘရုစ်ရဲ့ပြောဆိုဆက်ဆံနိုင်စွမ်းအပေါ်သက်ရောက်မှုရှိနေပြီလို့ ရှင်းပြရင်း ထုတ်ပြန်ကြေညာခဲ့တာပါ။

” မိသားစုဝင်တစ်ယောက်အနေနဲ့ ကျွန်မတို့ရဲ့ချစ်လှစွာသောဘရုစ်က ကျန်းမာရေးပြဿနာတချို့ကို ရင်ဆိုင်ကြုံတွေ့နေရပြီး မကြာသေးခင်ကမှ သူ့ရဲ့ပြောဆိုဆက်သွယ်နိုင်စွမ်း၊ နားလည်သိမြင်နိုင်စွမ်းကို ထိခိုက်စေတဲ့ Aphasia ရောဂါကို ခံစားနေရတယ်ဆိုတာကို ဘရုစ်ရဲ့ပရိသတ်တွေကို ပြောပြပေးချင်ပါတယ်။ အဲဒီရဲ့ရလဒ်ကြောင့် များစွာစဉ်းစားဆုံးဖြတ်လိုက်ရတာကတော့ ဘရုစ်က သူ့အတွက် အရမ်းအဓိပ္ပာယ်ရှိတဲ့ သရုပ်ဆောင်အလုပ်ကနေ အနားယူတော့မှာဖြစ်ပါတယ်။ ဒါက ကျွန်မတို့မိသားစုအတွက် တကယ့်ကို စိန်ခေါ်မှုတစ်ခုပါပဲ။ မင်းတို့ရဲ့ချစ်ခြင်းမေတ္တာတွေ၊ ဂရုဏာနဲ့ အားပေးပံ့ပိုးမှုတွေအတွက် အရမ်းလေးစားတန်ဖိုးထားပါတယ်။ သန်မာတဲ့မိသားစုတစ်ခုအနေနဲ့ ဒါက ကျော်လွှားနေပြီး ဘရုစ်က မင်းတို့အတွက် ဘယ်လောက်အဓိပ္ပာယ်ရှိလဲ ဆိုတာ ကျွန်မတို့သိတဲ့အတွက် သူ့ရဲ့ပရိသတ်တွေကို ခေါ်လာချင်ခဲ့တယ်။ ဘရုစ် အမြဲတမ်းပြောသလိုပဲ ပျော်ရွှင်အောင်နေပြီး အတူတူ လုပ်ဆောင်ကြပါ” လို့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

အဲဒီအင်စတာဂရမ်ပို့စ်မှာ သူတို့ရဲ့အသိမိတ်ဆွေတွေဆီက ကွန်မန့်တွေနဲ့ ပြည့်နေပါတယ်။ အနုပညာရှင်တွေကလည်း ဘရုစ်နဲ့ သူတို့ရဲ့အမှတ်တရတွေကို မျှဝေနေပြီး ဘရုစ်နဲ့သူ့ရဲ့မိသားစုအတွက် အားပေးစကားတွေ ပြောကြားခဲ့ကြပါတယ်။ “ကျွန်မတို့ ဘရုစ်ကို အရမ်းချစ်ပါတယ်။ သူ့နဲ့ သူ့မိသားစုကို မေတ္တာပို့သပါတယ်။ ဘရုစ်က ကျွန်မတို့ကို အများကြီး လုပ်ပေးခဲ့ဖူးတယ်။ ကောင်းကောင်းအနားယူပြီး ပြန်လည်ကျန်းမာလာပါစေ” လို့ မင်းသမီး ဒီဘီ မာဇာ (Debi Mazar) က ကွန်မန့်ပေးခဲ့ပါတယ်။

ဘရုစ်နဲ့အတူ “Story of Us” မှာ ပါဝင်ခဲ့တဲ့ မင်းသမီး ရီတာ ဝီလ်ဆင် (Rita Wilson) ကလည်း “ဘရုစ်နဲ့ သူ့ရဲ့မိသားစုအားလုံးအပေါ် ကျွန်မဂရုဏာသက်မိပါတယ်။ ဒီအကြောင်းကို ကျွန်မတို့နဲ့အတူ မျှဝေပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ အားလုံးအတွက် ဆုတောင်းပေးနေပါတယ်” လို့ ရေးသားခဲ့ပါတယ်။ ဘရုစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ‘Sixth Sense’ နဲ့ ‘Unbreakable’ ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ အန်မ် နိုက် ရှရာမာလန် (M.Night Shyamalan) က “ကျွန်တော်ရဲ့အစ်ကိုကြီး ဘရုစ်ဝီလီစ်အပေါ် ကျွန်တော် ချစ်ခင်လေးစားမှုအပြည့်ပါပဲ။ သူ့ရဲ့မိသားစုက သူ့ကို အားပေးပံ့ပိုးမှုတွေ၊ ခွန်အားတွေ ပေးနေမယ်ဆိုတာ ကျွန်တော်သိပါတယ်။ သူက အမြဲတမ်း ကလေးတစ်ယောက်လို ကျွန်တော့်ရဲ့နံရံပိုစတာမှာ ဟီးရိုးတစ်ယောက်ဖြစ်နေမှာပါ” လို့ တွစ်တာအကောင့်မှာ တင်ခဲ့ပါတယ်။

ဟာသသရုပ်ဆောင် ရစ်ချယ် ဒရက်ချ် (Rachel Dratch) ကလည်း ဘရုစ်ဟာ ၁၉၉၀ပြည့်နှစ်က သူ တွေ့ဆုံခဲ့ဖူးတဲ့ ပထမဆုံးအနုပညာရှင်ဖြစ်တယ်လို့ ပြောပါတယ်။ “ပရိသတ်ထဲမှာ သူရှိနေတာကို ကျွန်မတို့ တွေ့လိုက်ရတော့ ကျွန်မတို့ ဘယ်လောက်ပျော်ရွှင်ခဲ့ရလဲဆိုတာ တွေးကြည့်လိုက်ပါ။ သူက စင်မြင့်နောက်ဘက်ကို လာခဲ့တယ်” လို့ ဆိုပါတယ်။၂၀၁၁ခုနှစ်မှာ လုပ်ကြံသတ်ဖြတ်မှုအတွင်း ဉီးနှောက်ထိခိုက်ခဲ့တဲ့ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်တဲ့ Aphasia ရောဂါတက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ ဂါဘရီရယ် ဂစ်ဖို့ဒ် (Gabrielle Giffords) က “ဒီနေ့ ကျွန်မ ဘရုစ်ဝီလီစ်နဲ့ သူ့ရဲ့မိသားစုအကြောင်း တွေးနေမိတယ်။ Aphasia က ကျွန်မအတွက် မှန်ကန်တဲ့ စကားလုံးရှာဖို့ ခက်ခဲစေတယ်။ ဒါက အထီးကျန်ပြီး တသီးတသန့်ဖြစ်နိုင်ပေမဲ့ @FriendsAphasia ပရဟိတအဖွဲ့အစည်းက ဒါကို ပြောင်းလဲပစ်ဖို့ ကြိုးစားနေပါတယ်။ Aphasia ရောဂါနဲ့ နေထိုင်နေရတဲ့ လူတိုင်းအတွက် ကျွန်မ ရှိနေပါတယ်” လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

Ref: CBSNews “Celebrities and friends rally behind Bruce Willis after aphasia announcement”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top