ရေနံ၊ ဓာတ်ငွေ့ဖိုးတွေကို ရူဘယ်ငွေကြေးနဲ့ ပေးချေဖို့ ပူတင် အမိန့်ထုတ်

1-4-2022-yyl-09.jpg

မိတ်ဆွေမပီသတဲ့ ပြည်ပနိုင်ငံတွေအနေနဲ့ ဓာတ်ငွေ့ဖိုးကို ရူဘယ်ငွေနဲ့ စတင်ပေးချေရမယ်၊ အဲဒီလို မပေးချေဘူးဆိုရင် ဓာတ်ငွေ့တင်ပို့မှု လျှော့ချသွားမယ်လို့ ရုရှားသမ္မတ ပူတင်က ပြောပါတယ်။ ရုရှားနိုင်ငံထံကနေ ရေနံနဲ့ ဓာတ်ငွေ့ ဝယ်ယူနေသူတွေဟာ ဧပြီလ ၁ ရက်နေ့ကစပြီး ရုရှားဘဏ်တွေမှာ ရူဘယ်ငွေအကောင့်တွေ ဖွင့်လှစ်ရမယ်ဆိုတဲ့ အမိန့်ဒီကရီကို ပူတင်က လက်မှတ်ရေးထိုးခဲ့ပါတယ်။

” ကျွန်တော်တို့ကိုလည်း ဘယ်သူကမှ အလကားမပေးဘူး။ ကျွန်တော်တို့ကလည်း ပရဟိတလုပ်နေတာ မဟုတ်ပါဘူး။ ဒါပါပဲ။ ချုပ်ဆိုထားတဲ့ စာချုပ်တွေကို ရပ်ဆိုင်းသွားမှာပါ” လို့ ပူတင်က ပြောပါတယ်။ ပူတင်ရဲ့တောင်းဆိုချက်ဟာ အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုကြောင့် တန်ဖိုးကျဆင်းနေတဲ့ ရူဘယ်ငွေကြေး ခိုင်မာအားကောင်းလာအောင်လုပ်တာလို့ သုံးသပ်ထားကြပါတယ်။

ချုပ်ဆိုထားတဲ့စာချုပ်တွေမှာ ယူရို (သို့) အမေရိကန်ဒေါ်လာနဲ့ ပေးချေဖို့ သဘောတူထားတာဖြစ်လို့ ဓာတ်ငွေ့ဖိုးကို ရူဘယ်ငွေကြေးနဲ့ ပေးချေဖို့ တောင်းဆိုတာဟာ စာချုပ်ချိုးဖောက်ရာရောက်တယ်လို့ အနောက်အုပ်စု အစိုးရအဖွဲ့တွေနဲ့ ကုမ္ပဏီတွေက ပြောပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲခဲ့ပြီးနောက် အနောက်နိုင်ငံတွေက ရုရှားအပေါ် စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ရုရှားရဲ့ရေနံနဲ့ ဓာတ်ငွေ့ကို မှီခိုအားထားနေရတာကြောင့် ဥရောပသမဂ္ဂကတော့ အမေရိကန်နဲ့ ကနေဒါတို့လို ရေနံနဲ့ဓာတ်ငွေ့တင်ပို့မှု ပိတ်ပင်တာမျိုး မလုပ်ခဲ့ပါဘူး။

ဥရောပသမဂ္ဂဟာ ဓာတ်ငွေ့ ၄၀ ရာခိုင်နှုန်း၊ ရေနံ ၃၀ ရာခိုင်နှုန်းကို ရုရှားနိုင်ငံထံကနေ မှာယူတင်သွင်းနေရတာဖြစ်ပြီး ရေနံနဲ့ ဓာတ်ငွေ့တင်ပို့မှု ပြတ်တောက်သွားရင် အလွယ်တကူ အစားထိုးနိုင်မှာ မဟုတ်ပါဘူး။ ရုရှားနိုင်ငံကလည်း ဥရောပသမဂ္ဂထံ ဓာတ်ငွေ့ရောင်းချရာကနေ တစ်နေ့ကို ယူရို သန်း (၄၀၀) ရရှိနေပြီး အဲဒီတင်ပို့မှုတွေကို တခြားဈေးကွက်တွေထံ ပြောင်းလဲရောင်းချနိုင်ခြင်း မရှိသေးပါဘူး။

ရုရှားနိုင်ငံရဲ့အချုပ်အခြာအာဏာ အားကောင်းစေဖို့ ရည်ရွယ်ပြီး ရူဘယ်ငွေနဲ့ ငွေပေးချေခိုင်းတာဖြစ်တယ်၊ အနောက်နိုင်ငံတွေက စာချုပ်ပါစည်းကမ်းတွေကိုသာ လိုက်နာခဲ့ရင် သူ့ဘက်ကလည်း လိုက်နာမယ်လို့ ဆိုခဲ့ပါတယ်။ ပူတင်ရဲ့ ကြေညာချက်ဟာ ခြိမ်းခြောက်အကြပ်ကိုင်ရာ ရောက်တယ်လို့ ဂျာမနီနိုင်ငံက ပြောပါတယ်။ ဂျာမနီကုမ္ပဏီတွေကတော့ စာချုပ်ပါစည်းမျဉ်းအတိုင်း ရုရှားဓာတ်ငွေ့ဖိုးတွေကို ယူရိုငွေကြေးနဲ့ပဲ ပေးချေသွားမယ်လို့ ဂျာမနီအဓိပတိ အိုလက်ဖ်ရှော့ဇ်က ပြောပါတယ်။

ပူတင် လက်မှတ်ရေးထိုးခဲ့တဲ့ အမိန့်ဒီကရီအရ ရုရှားဓာတ်ငွေ့ကို မှာယူတင်သွင်းတဲ့ ပြည်ပဝယ်လက်တွေဟာ Gazprom ဘဏ်မှာ အကောင့်ဖွင့်ပြီး ယူရို ဒါမှမဟုတ် အမေရိကန်ဒေါ်လာ ပေးသွင်းရမှာဖြစ်ပါတယ်။ Gazprom ဘဏ်က ရူဘယ်ငွေကြေး ပြောင်းလဲပေးပြီး Gazprom ကုမ္ပဏီကို လွှဲပြောင်းပေးအပ်မှာပါ။

ရုရှားနိုင်ငံဘက်က အခုလို ကြေညာချက် ထွက်ပေါ်လာခဲ့ပြီးမှာတော့ ဓာတ်ငွေ့ပြတ်လပ်နိုင်မှု အခြေအနေကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဂျာမနီနဲ့ သြစတြီးယားနိုင်ငံတွေက အရေးပေါ်အစီအစဉ်တွေ ရေးဆွဲခဲ့ကြပါတယ်။ ဓာတ်ငွေ့မှာယူတင်သွင်းမှု တစ်ဝက်နီးပါး၊ ရေနံမှာယူတင်သွင်းမှု ၃ ပုံ၊ ၁ ပုံကို ရုရှားထံကနေ ရရှိနေတဲ့ ဂျာမနီနိုင်ငံက ရေနံနဲ့ ဓာတ်ငွေ့သုံးစွဲမှု လျှော့ချဖို့ တိုက်တွန်းထားပါတယ်။ ဓာတ်ငွေ့ ၄၀ ရာခိုင်နှုန်းကို ရုရှားထံကနေ မှာယူတင်သွင်းနေတဲ့ သြစတြီးယားကလည်း ဈေးကွက်စောင့်ကြည့်မှုကို တင်းကျပ်ထားပါတယ်။

Ref: BBC ” Russia threatens to stop supplying gas if not paid in roubles”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top