ရုပ်ရှင်စပွိုင်လာ (Spoilers) တွေကို ရှောင်မယ် ရှားမယ်

movie1-2.jpg

မကြာခင်အချိန်အတွင်းမှာ ကျွန်တော်တို့အားလုံး အချိန်အကြာကြီး စောင့်မျှော်ခဲ့ရပြီးတော့ ကြိုတင်လက်မှတ်ဝယ်ယူရမှာတောင် ပြဿနာအကြီးအကျယ်တက်သွားတဲ့အထိ နာမည်ကြီးတဲ့ “Avengers: End game” ရုပ်ရှင်ရုံတင်တော့မှာဖြစ်သလို တစ်ကမ္ဘာလုံးမှာ လူကြိုက်အများဆုံးလို့ဆိုရလောက်အောင်အရှိန်အဝါကြီးမားတဲ့ “Game of Thrones” စီးရီးကလည်းအပတ်စဉ် တနင်္လာနေ့မနက်တိုင်း အပိုင်းသစ်ထွက်ရှိနေပါတယ်။

ဒီလိုနာမည်ကြီးရုပ်ရှင်ဇာတ်ကားတွေရဲ့စပွိုင်လာ(Spoiler) မမိအောင်ဘယ်လိုလုပ်ကြမလဲ?

(၁) တိုက်ရိုက်ကြည့်/အစောဆုံးကြည့်

တကယ်လို့သင်ဟာ စပွိုင်လာလုံး၀ အမိမခံချင်ဘူးဆိုရင် ဒီနည်းဟာ စိတ်အချရဆုံးပါပဲ။ ဥပမာGame of Thrones ဆိုရင် တနလာၤနေ့ မြန်မာစံတော်ချိန်မနက် (၇)နာရီခွဲတိုင်းတစ်ကမ္ဘာလုံးမှာတိုက်ရိုက်ထုတ်လွှင့်တာဖြစ်လို့စပွိုင်လာအမိမခံချင်ဘူး ဆိုရင် သူများနည်းတူ ဒီအချိန်မှာကြည့်ရှုသင့်ပါတယ်။
ရုံတင်တဲ့ ရုပ်ရှင်ကားတွေဆိုရင်တော့ စစရုံတင်တဲ့သောကြာနေ့မှာ ကြည့်ရှုနိုင်အောင်ကြိုးစားသင့်ပါတယ်။

(၂) ဖုန်း/အင်တာနက်မသုံးနဲ့

တိုက်ရိုက်/အစောဆုံးကြည့်ဖို့ဘယ်လိုမှအဆင်မပြေဘူးဆိုရင်တော့ အင်တာနက်လုံးဝမသုံးပါနဲ့တော့။ Facebook၊ Instagram၊ Youtube တို့လို လူမှုကွန်ရက်တွေအပြင်ကို “My Story” တို့ ”My Day” တို့ကိုပါသုံးဖို့မစဉ်းစားပါနဲ့။ လူတွေဟာ ဒီလိုနေရာတွေမှာပါ သေချာပေါက်တင်ထားမှာမို့လို့ပါ။ နောက်ဆုံးကိုယ်ကြည့်ပြီးတဲ့ အချိန်ကြမှာသာ ဖုန်းသုံးပါတော့။

(၃) ခင်တဲ့ သူတွေကို ကြိုသတိပေးထား

ငါဒီရုပ်ရှင်ကိုတော့ ဘယ်နေ့မှာ ကြည့်မှာမို့လို့ငါရှေ့မှာတော့ ဒီကားအကြောင်းမပြောနဲ့ဆိုပြီး သူငယ်ချင်းတွေ၊ ရုံးကလုပ်ဖော်ကိုင်ဘက်တွေကိုကြိုပြောထားပါ။ သူငယ်ချင်းတွေကနားလည်ပေးမှာပါ။ သို့သော်လည်းတစ်ခုသတိထားရမှာက တချို့သူတွေဟာ စိတ်ပုတ်စွာနဲ့တမင်တကာလာပြောတာ၊ဖုန်းကို မတ်စေ့ချ်ပို့ပြီးတော့စပွိုင်းတာတွေလုပ်တတ်ပါတယ်။ သူတို့တွေကိုတော့ သတိကြီးကြီးထားပြီး ဝေးဝေးကရှောင်ပါ။

(၄) စပွိုင်းခံရလည်းဘာမှမဖြစ်ဘူးဟာဆိုတဲ့ စိတ်ထားလိုက်

ဒီလိုခေတ်ကြီးမှာ စပွိုင်လာမမိဖို့ဆိုတာ တိုက်ရိုက်မကြည့်နိုင်/အစောဆုံးပွဲကိုမကြည့်နိုင်ရင် တော်တော်ခက်ပါတယ်။ တကယ်လို့စပွိုင်လာမိသွားပြီဆိုလည်းစိတ်မပျက်ပါနဲ့။ အနုပညာမှာအရာမှာ တော်တဲ့ ဇာတ်ညွန်းရေးဆရာတွေ၊ ဒါရိုက်တာတွေ၊ မင်းသားမင်းသမီးတွေ၊ ဗွီဒီယို အယ်ဒီတာတွေအစရှိတဲ့ ပညာရှင်ပေါင်းများစွာရဲ့ အစွမ်းတွေ ပေါင်းစပ်ပါဝင်နေတဲ့ ရုပ်ရှင်ကားတစ်ကားဟာ လူတစ်ယောက်ပါးစပ်ကလွယ်လွယ်ပြောထွက်လိုက်တဲ့စကားတစ်ခွန်း၊ စာတစ်ကြောင်းထက် အများကြီး အရေးပါပါတယ်။ ဒါကြောင့်မို့စပွိုင်လာမိလည်း စိတ်မပျက်ပဲသွားကြည့်ပါ။

သူတစ်ပါးမကြိုက်တာကိုလုပ်လို့ပျော်ကြတာဟာ မသိနားမလည်တဲ့ကလေးဘဝမှာပဲကောင်းပါတယ်။ အရွယ်ရောက်လာပြီဆိုရင် သူများကိုစာနာနားလည်ငဲ့ညာတတ်ရမှာက မပြောပဲနဲ့သိနေရမယ့် လူကျင့်ဝတ်ပဲမို့လို့ကြည့်ပြီးတဲ့သူတွေကလည်း သူတစ်ပါးမကြိုက်တဲ့ စပွိုင်လာ တွေမပြောပဲနဲ့အရမ်းပြောချင်ရင်တောင်မှ စပွိုင်လာပြောမယ်ဆိုတဲ့အကြောင်းကိုကြိုတင်သတိပေးထားမျိုး ပြုလုပ်သင့်ပါတယ်လို့အကြံပေးလိုက်ရပါတယ်ခင်ဗျာ။

Elsa(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top