ကိုယ့်အပေါ်နာကျည်းအောင်လုပ်ခဲ့သူတွေကို အလွယ်ကူဆုံးနဲ့ အထိအနာဆုံး ကလဲ့စားချေနည်းများ

Best_Websites_to_Help_Get_Revenge_on_Someone_Banner_resize_1-1.jpg

ကလဲ့စားချေတာ ကောင်းတဲ့အလုပ်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ကိုယ့်အပေါ်ကို ထိခိုက်နစ်နာအောင်လုပ်ခဲ့ဖူးသူတွေကိုတော့ နဂါးမှန်းသိအောင် အမောက်ထောင်ပြသင့်ပါတယ်။ ဒီနေရာမှာ ဘယ်လိုဒေါသ၊ မောဟကင်းကင်းနဲ့ အကုသိုလ်ရှင်းရှင်းကလဲ့စားချေနိုင်မလဲဆိုတာကို စာရေးသူကသေချာလေးပြောပြပေးသွားပါမယ်။ ကြည့်လိုက်ကြရအောင်ပါ။

၁။ လျစ်လျူရှူလိုက်ပါ

တစ်ခါတစ်လေ ကိုယ်ကြည့်မရတဲ့သူနဲ့ ကပ်လျက်ထိုင်နေပြီး အဲဒီလူကိုနည်းနည်းလေးမှ ဂရုမစိုက်တာကလည်း ကလဲ့စားချေနည်းတစ်မျိုးပါပဲ။ ကိုယ့်အတွက်ဘာမှကောင်းကျိုးမရှိတဲ့သူအကြောင်းကို ခေါင်းထဲထည့်မနေပါနဲ့။ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးခွင့်မပေးပါနဲ။ အနိုင်ကျင့်မခံပါနဲ့။ ကိုယ့်နေ့ရက်တွေကို ကိုယ်တိုင်ပဲဖန်တီးပါ။

၂။ မိမိကိုယ်ကိုပဲ ဂရုစိုက်ပါ

ကိုယ့်ဘဝကိုယ် ပျော်ပျော်ကြီးအကောင်းဆုံးနေထိုင်နေတာက ကိုယ့်ကိုယ်ကြည့်မရတဲ့သူတွေ၊ ကိုယ့်အပေါ်မကောင်းခဲ့တဲ့သူတွေကို ကလဲ့စားချေနည်းတစ်မျိုးပါပဲ။ တစ်စုံတစ်ယောက်ကြောင့် သင့်ဘဝကြီးက ဖန်ပေါင်းချောင်ထဲမှာ ပိတ်မိနေတယ်ဆိုရင်တောင် သင်ဘယ်လောက်နာကျင်နေရကြောင်း၊ သင်ဘယ်လိုခံစားနေရကြောင်း လုံးဝမပြသပါနဲ့။ သင့်တန်ဖိုးကို မသိတဲ့လူအတွက် ဘာမှခံစားပြနေစရာမလိုပါဘူး။ ပျော်ပျော်နေပါ။ ကိုယ့်ကိုယ်ကိုယ်ချစ်ပါ။ ဂရုစိုက်ပါ။

၃။ လှည့်ထွက်လိုက်ပါ

လူတိုင်းကို ကိုယ့်စိတ်နဲ့ဘယ်တော့မှ မနှိုင်းပါနဲ့။ ငါသူဒုက္ခရောက်တုန်းက ကူညီပေးခဲ့တာမို့ သင်ဒုက္ခရောက်တဲ့အချိန်ပြန်ကူညီပေးလိမ့်မယ်။ သင်ဝမ်းနည်းနေတဲ့အချိန် သင့်ခံစားချက်တွေကို မျှဝေပေးလိမ့်မယ်လို့ ဘယ်တော့မှမထင်ပါနဲ့။ မျှော်လင့်ချက်ကင်းကင်းနဲ့သာကူညီပေးပါ။ ကိုယ်မအားတဲ့အချိန်၊ အသက်တမျှအရေးကြီးတဲ့အလုပ်တွေလုပ်စရာရှိနေတဲ့အချိန်ဆိုရင်တော့ အားနားပါးနာနဲ့ပဲဖြစ်ဖြစ်၊ ချစ်လွန်းလို့ပဲဖြစ်ဖြစ် ကိုယ့်အလုပ်တွေကို ပစ်ချပြီး သူတို့ကိုသွားမကူညီပါနဲ့။ ရလာတဲ့အကျိုးဆက်ကြောင့် သင်ပဲစိတ်ပင်ပန်းရပါမယ်။ လှည့်ထွက်တတ်ပါစေ။

၄။ သက်သေပြပါ

တစ်စုံတစ်ယောက်က သင့်လုပ်ရပ်တွေကို အထင်သေးခဲ့မယ်။ သင့်ရည်မှန်းချက်တွေကို ရိုက်ချိုးခဲ့မယ်။ သင့်စိတ်ကူးအိမ်မက်တွေကို လှောင်ပြောင်ခဲ့မယ်ဆိုရင် ချက်ချင်းမတုံ့ပြန်ပါနဲ့။ စိတ်ထဲစွဲနေအောင်မှတ်ထားပါ။ အဲဒီလူတွေမှားကြောင်းကို သင့်အောင်မြင်မှု၊ သင့်အလုပ်တွေနဲ့သာ သက်သေပြလိုက်ပါ။ ကျွန်တော်ပြောတာကိုယုံပါ။ သင်အောင်မြင်လာတဲ့အချိန် အဲဒီလူတွေသင့်ကို မျက်လုံးချင်းဆုံပြီး ကြည့်ရဲရင်တောင် ကံကောင်းတယ်လို့မှတ်ပါ။

၅။ ကြင်နာပါ

သူကကိုယ့်ကို သေလောက်အောင်မုန်းနေတယ်။ အနားမှာမရှိစေချင်ဘူး။ လိုက်ဖျက်ဆီးနေတယ်။ အပေါင်းအသင်းတွေကြားမှာလည်း ကိုယ့်မကောင်းကြောင်းတွေ လျှောက်ပြောနေတယ်။ ကိုယ်ပိုင်ဆိုင်ထားတဲ့အရာတွေလည်း လုယူဖို့ကြိုးစားနေမယ်။ အဲဒီလိုလူမျိုးနဲ့တွေ့တဲ့အခါ လုံးဝဒေါသမထွက်ပြပါနဲ့။ သူတို့တွေက ကိုယ်ဒေါသထွက်လေပိုပျော်လေပါ။ တတ်နိုင်သလောက် ပြုံးပြုံးလေးနေပြီး ခေါင်းကိုမော့ ရင်ကိုကော့ထားလိုက်ပါ။ သူတို့စိတ်နဲ့သူတို့ရှူပ်ပြီး လောင်နေကြပါလိမ့်မယ်။

Ref : wikiHow “How to Get Revenge on Anyone”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top