အင်္ဂါဂြိုဟ်ပေါ်မှာ လူသားတွေအခြေချနေထိုင်ဖို့ လုံးဝမဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင် ဘီလ်နိုင်း (Bill Nye) ရဲ့ အတွေးအကြံ (၅) ချက်

mars2.jpg

National Geographic Channel ရဲ့ ရုပ်သံစီးရီးသစ်တစ်ခုဖြစ်တဲ့ “Mars” ကို မိတ်ဆက်တဲ့ပွဲမှာ သိပ္ပံပညာရှင်နဲ့ သိပ္ပံပညာမျှဝေသူ ဘီလ်နိုင်းဟာ အင်္ဂါဂြိုဟ်ပေါ်မှာ လူသားတွေအခြေချနေထိုင်မယ့် ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး သူ့ရဲ့အတွေးအခေါ်တွေကို ပြောပြသွားခဲ့ပါတယ်။ သူကတော့ အင်္ဂါဂြိုဟ်ပေါ်မှာ လူသားတွေ အခြေချနေထိုင်ဖို့ မသင့်ဘူးလို့ ခံယူသူပါ။

လူသားတွေ လက်ရှိရှင်သန်နေတဲ့ သဘာဝရေမြေလေထုပတ်ဝန်းကျင်မျိုးကို အင်္ဂါဂြိုဟ်ပေါ်မှာ ကမ္ဘာမြေအတိုင်း တုပဖန်တီးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ သူကယူဆပါတယ်။ ဒါနဲ့ပတ်သက်ပြီး သိပ္ပံပညာရှင် ဘီလ်နိုင်း (Bill Nye) ရဲ့ အတွေးအကြံ ၅ ချက်ကို တင်ဆက်ပေးပါရစေ။

၁။ ကမ္ဘာမြေကိုယ်တိုင်မှာကို အတော်ပျက်စီးနေခဲ့ပြီ၊ တခြားဂြိုလ်ကို သွားမဖျက်ဆီးသင့်

ကိုယ်နေထိုင်အသက်ရှင်နေရတဲ့ မိခင်ကမ္ဘာမြေကြီးကိုတောင် နာမကျန်းဖြစ်အောင် လုပ်ခဲ့တဲ့လူသားတွေဟာ တခြားဂြိုလ်နောက်တစ်ခုကိုပါ သွားမဖျက်ဆီးသင့်ဘူးလို့ ဘီလ်နိုင်းက ယူဆပါတယ်။ ကမ္ဘာမြေမှာသာ လက်ရှိအတိုင်းနဲ့ ဖြစ်အောင် ဆက်နေကြပါလို့ သူက ဆိုပါတယ်။ ကမ္ဘာမှာရာသီဥတုဖောက်ပြန်မှု ကြီးမားပြင်းထန်နေတာလည်း အားလုံးအသိပဲဆိုတော့ သူပြောတာ မလွန်ပါဘူး။ ဒါပေမဲ့ အင်္ဂါဂြိုဟ်ပေါ်မှာ အာကာသစူးစမ်းလေ့လာရေးတွေလုပ်ဖို့တော့ သူက အထူးလိုလားပါတယ်။ သူ့သက်တမ်းမှာတော့ တခြားဂြိုဟ်တစ်လုံးပေါ်က သက်ရှိဆိုတာကို မြင်တွေ့ဖူးသွားချင်ပြီး စူးစမ်းလေ့လာရေးတွေလုပ်တာတော့ တကယ့်စိတ်ကူးကောင်းလို့ သူကကြိုဆိုလက်ခံပါတယ်။

၂။ အန္တာတိကလို အရပ်ဒေသ

” မိသားစုလိုက်ကြီးသွားနေမယ်ဟေ့ ဆိုပြီး ဘယ်သူမှ အန္တာတိကတိုက်မှာ သွားမနေကြပါဘူး၊ ဘယ်သူမှ အဲဒီမှာ ပန်းခြံမဆောက်ကြဘူး၊ အန္တာတိကလိုနေရာမှာ ဒေသရင်းလူသားမျိုးနွယ်ဆိုတာ ပေါ်ပေါက်ခဲ့ဖူးလား ရှိဖူးလို့လား၊ ဝင်ရိုးစွန်းအခြေစိုက်စခန်းတွေသာဖွင့်ပြီး သုတေသနပဲ လုပ်နေကြတာမဟုတ်လား ” လို့ ဘီလ်နိုင်းက ပြောခဲ့ပါတယ်။ အန္တာတိကရဲ့ရာသီဥတုအရ အလွန့်အလွန်ကို အေးခဲပါတယ်။ တီဗီမရှိ၊ အင်တာနက်မရှိတဲ့အပြင် လူနေစရာကို မကောင်းတဲ့အရပ်ဖြစ်ပါတယ်။

၃။အင်္ဂါဂြိုဟ်ဟာလည်း အန္တာတိကနဲ့ ထပ်တူ

” ဘယ်သူတစ်ယောက်ကမှ ဒီလောက်အေးခဲနေတဲ့ အင်္ဂါဂြိုဟ်ပေါ်မှာ သားကျွေးမှု၊ မယားကျွေးမှုနဲ့ သွားမနေနိုင်ဘူး။ အင်္ဂါဂြိုဟ်သားမျိုးနွယ်တွေ မွေးလာဖို့ဆိုရင်တော့ ဝေလာဝေးပဲ ” လို့ ဘီလ်နိုင်းဆိုခဲ့သလို ဒါက အမှန်တကယ်ပါ။ အင်္ဂါဂြိုဟ်ပေါ်ကတချို့နေရာတွေမှာ အပူချိန်က အနုတ် ၇၀ ဒီဂရီဖာရင်ဟိုက် အထိရှိနေသလို ဂြိုဟ်တစ်ခုလုံးက အချိန်ပြည့် သုညအောက်အပူချိန်မှာ ရှိနေတာဖြစ်တယ်။ လုံခြုံတဲ့အဆောက်အဦအတွင်းကနေ အပြင်ထွက်ပြီဆိုတာနဲ့ လုံခြုံရေးကိရိယာအစိတ်အပိုင်းတွေဝတ်၊ အာကာသဝတ်စုံတွေဝတ်ပြီး ကိုယ့်ကိုယ်ကိုယ် အကာအကွယ်ယူကြရတဲ့ နေရာပါ။

၄။ အစာရေစာ မရှိ

” ရေက မရှိသလောက်ကိုရှားတယ်။ အစားအစာဆိုတာတော့ လုံးဝကို မရှိတာ ” ဆိုတဲ့ ဘီလ်နိုင်းရဲ့ အဆိုက ငြင်းချက်ထုတ်စရာမရှိပါဘူး။ Martian ရုပ်ရှင်ထဲမှာ အင်္ဂါဂြိုဟ်ပေါ်မှာ လပေါင်းများစွာ အသက်ရှင်ခဲ့တဲ့ ဇာတ်ကောင် မက်ဒေမန်လို ကိုယ်တိုင် အာလူးစိုက်စားရင်ရောလို မေးလာရင် စဉ်းစားစရာရှိပါတယ်။ ဒီအမေးအတွက် နာဆာအဖွဲ့က အာကာသ အစားအသောက်စနစ်ဓာတ်ခွဲလေ့လာမှုနဲ့ ပတ်သက်ပြီး တာဝန်ယူထားတဲ့ သိပ္ပံပညာရှင် ဗစ်ကီ ကလိုးရစ်(Vickie Kloeris) ကတော့ သင့်လျော်ကိုက်ညီတဲ့ အာကာသအခြေခံအဆောက်အဦမျိုး ရှိလာရင်တော့ အင်္ဂါဂြိုဟ်ပေါ်မှာ ကိုယ်တိုင် သီးပင်စားပင် စိုက်စားလို့ရတာသေချာတယ် လို့ ပြောပြဖူးပါတယ်။

၅။ အောက်စီဂျင်မရှိတဲ့ဂြိုဟ်ကမ္ဘာ

အရေးအကြီးဆုံး အချက်ကတော့ အင်္ဂါဂြိုဟ်မှာ ရှူစရာ အောက်စီဂျင်မရှိဘူး လို့ ဘီလ်နိုင်းလ်ရဲ့ထောက်ပြမှုကို ဘယ်သူမှမငြင်းနိုင်ပါဘူး။ လက်ရှိမှာတော့ အင်္ဂါဂြိုဟ်ပေါ်မှာ လူသားတွေအသက်ရှင်ဖို့လုံလောက်တဲ့ အောက်စီဂျင်ပမာဏ ရှိမနေတာ အမှန်ပါ။ ကမ္ဘာမြေကိုတုပပြုလုပ်ပြီး သဘာဝအတုင်းမဟုတ်တဲ့ အောက်စီဂျင်ပါတဲ့လေထုကြီးဖန်တီးနိုင်မှသာ ရမှာပါ။ လက်တွေ့ကျကျသာကြည့်ရင်တော့ ကမ္ဘာမြေပေါ်က လူတွေအသက်ရှင်ဖို့ ကိုက်ညီနေတဲ့ သဘာဝပတ်ဝန်းကျင်မျိုးကို အင်္ဂါဂြိုဟ်ပေါ်မွာ ဖန်တီးဖို့က ဘယ်လိုမှမဖြစ်နိုင်သေးပါဘူး။

Ref: slashgear.com “Bill Nye’s 5 reasons we can’t live on Mars”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top