မေတ္တာကွင်းဆက်

5.5.2023-yyl-11.jpg

နေဝင်လုဆဲဆဲအချိန် အသွားအလာပြတ်တဲ့ လမ်းမှာ အမျိုးသမီးကြီးတစ်ယောက် ကားပျက်လို့ အကူအညီတောင်းနေတာ တွေ့လိုက်လို့ သူ့ကားကို လမ်းဘေး ထိုးရပ်ပြီး အမျိုးသကြီးဆီကို ဘရိုင်ယန် လျှောက်လာခဲ့တယ်။

အမျိုးသမီးကြီး အကူအညီတောင်းနေတာ ကြာပြီ။ ကားတစ်စီးမှ ရပ်မပေးကြဘူး။ အခုတော့ နွမ်းပါးပုံပေါက်တဲ့ လူလတ်ပိုင်း အမျိုးသားတစ်ယောက် သူ့ဆီကို ပြုံးပြီး လာနေတာ တွေ့တော့ အမျိုးသမီးကြီး စိုးရိမ်သွားတယ်။ ငါ့ကို လုယက်၊ ရိုက်နှက်မယ့်လူလားဆိုပြီး ထိတ်လန့်နေတာပေါ့။

ဘရိုင်ယန်ကလည်း အမျိုးသမီးကြီး တွေးနေတာကို ရိပ်မိတယ်။ ” အန်တီ့ကို ကျွန်တော် ကူညီပေးမလို့ပါ။ ကျွန်တော့်နာမည် ဘရိုင်ယန်လို့ ခေါ်ပါတယ်” လို့ ပြောလိုက်တယ်။ အမျိုးသမီးကြီးလည်း လန့်နေပေမဲ့ အကူအညီကလည်း လိုနေတော့ ကားဘီးပေါက်သွားတဲ့အကြောင်း ပြောပြတယ်။ ” ဟုတ်ကဲ့။ ကျွန်တော် လဲပေးပါ့မယ်။ အပြင်မှာ အေးတယ်။ ကားဘီးလဲနေတုန်း ကျွန်တော့်ကားထဲ ဝင်နေလို့ ရပါတယ်ခင်ဗျာ” လို့ ဘရိုင်ယန်က ဆိုတယ်။

ဘရိုင်ယန် ကားဘီး လဲပေးပြီးတော့ အမျိုးသမီးကြီးက ကျေးဇူးတင်စကားဆိုပြီး ဉာဏ်ပူဇော်ခ ဘယ်လောက်ပေးရမလဲလို့ မေးတယ်။

” ပေးစရာ မလိုပါဘူး အန်တီ။ ကျွန်တော်က စေတနာနဲ့ ကူညီတာပါ။ ကျွန်တော့်စေတနာကို ပြန်ပေးဆပ်ချင်တယ်ဆိုရင် အကူအညီလိုနေသူတစ်ယောက်ယောက် တွေ့တဲ့အခါ သူတို့ကို အန်တီ ကူညီပေးလိုက်ပါ”လို့ ဘရိုင်ယန်က ပြောလိုက်တယ်။

အမျိုးသမီးကြီးလည်း ကားမောင်းလာရင်းနဲ့ လမ်းမှာ ကော်ဖီဆိုင်လေးတစ်ဆိုင်တွေ့လို့ ဝင်ထိုင်လိုက်တယ်။ သူ သွားရမယ့်ခရီးက ဝေးသေးတော့ အဆာပြေဝင်စားရင်း ခဏနားဖို့ပေါ့။

ဆိုင်ထဲ ဝင်ထိုင်လိုက်တော့ စားပွဲထိုးမိန်းကလေးက သဘက်တစ်ထည် ယူလာပေးတယ်။ နှင်းရည်စိုရွဲနေတဲ့ အမျိုးသမီးကြီးရဲ့ ဆံပင်တွေ သုတ်ဖို့ပေါ့။ စားပွဲထိုးမိန်းကလေးက ကိုယ်ဝန်အရင့်အမာ ဖြစ်နေပေမဲ့ အပြုံးမပျက်ဘဲ ကြိုးစားပမ်းစား အလုပ်လုပ်နေတာကို အမျိုးသမီးကြီး သတိထားမိသွားတယ်။

” ကျွန်တော့်စေတနာကို ပြန်ပေးဆပ်ချင်ရင် အခက်အခဲတွေ့နေသူတစ်ယောက်ယောက်ကိုသာ ကူညီလိုက်ပါ” ဆိုတဲ့ ဘရိုင်ယန်ရဲ့ စကားကို အမျိုးသမီးကြီး ပြန်သတိရသွားတယ်။

စားသောက်ပြီးလို့ ပိုက်ဆံရှင်းတဲ့အခါ အမျိုးသမီးကြီးက ဒေါ်လာ ၁ ရာတန်တစ်ရွက် ထုတ်ပေးတယ်။ စားပွဲထိုး မိန်းကလေးက ပိုတဲ့ပိုက်ဆံ ပြန်အမ်းပေးဖို့ ကောင်တာကို သွားနေချိန်မှာပဲ အမျိုးသမီးကြီးက ဆိုင်ထဲက ထွက်သွားခဲ့တယ်။ စားပွဲထိုးမိန်းကလေး ပြန်ရောက်လာတော့ အမျိုးသမီးကြီး မရှိတော့ဘူး။

စားပွဲပေါ်ကိုကြည့်လိုက်တော့ လက်ကိုင်ပဝါအောက်မှာ ဒေါ်လာ ၄၀၀ နဲ့ စာတစ်စောင်ကို တွေ့ရတယ်။ ” စိတ်ကျေနပ်စရာ ဝန်ဆောင်မှုအတွက် ကျေးဇူးတင်ပါတယ်။ ဒီငွေကို လက်ခံပေးပါ။ ကျေးဇူးကြွေး ရှိတယ်လို့လည်း စိတ်ထဲမထားပါနဲ့။ ဒီနေ့ပဲ လူတစ်ယောက်က အန်တီ့ကို စေတနာသန့်သန့်နဲ့ ဘာမှ မမျှော်လင့်ထားဘဲ ကူညီပေးခဲ့တယ်။ တကယ်လို့ သမီးက အန်တီ့စေတနာကို ပြန်ပေးဆပ်ချင်တယ်ဆိုရင် မေတ္တာတရားကို လက်ဆင့်ကမ်းလိုက်ပါ။ မေတ္တာကွင်းဆက်ကိုတော့ အပြတ်မခံပါနဲ့နော်” လို့ စာထဲမှာ ရေးထားတယ်။

စားပွဲထိုးမိန်းကလေးဟာ အဲဒီနေ့က အိမ်ပြန်ရောက်တဲ့အထိ အမျိုးသမီးကြီးရဲ့ စေတနာ၊ မေတ္တာအကြောင်းကို တွေးမိနေတုန်းပဲ။ သူတို့လင်မယား မွေးစရိတ် လိုနေတယ်ဆိုတာ ဒီအမျိုးသမီးကြီးများ သိနေသလားလို့လည်း တွေးနေမိတယ်။ အဲဒီညမှာ အိပ်ရာဝင်တော့ သူ့ခင်ပွန်းက မီးဖွားစရိတ် မပြည့်သေးလို့ တွေးပူမိတဲ့အကြောင်းတွေ ပြောနေတယ်။

” အားလုံးအဆင်ပြေသွားမှာပါ။ ဒီနေ့ သူစိမ်းတစ်ယောက်က ကျွန်မတို့ကို မေတ္တာရှေ့ထား ကူညီသွားတယ်။ သိလား ဘရိုင်ယန်” လို့ စားပွဲထိုး မိန်းကလေးက ပြောပြလိုက်ပါတယ်။

သင့်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ အကြင်နာတရားဟာ တစ်ချိန်မဟုတ် တစ်ချိန်မှာ သင့်ထံကို စိုက်စိုက်မြိုက်မြိုက် ပြန်လာပါလိမ့်မယ်။

Ref: Chain of Kindness
Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top