လမ်းလျှောက်နိုင်စွမ်းရှိတဲ့ ကမ္ဘာ့အရပ်အပုဆုံးလူသား ကွယ်လွန်

Y3-5.jpg

လမ်းလျှောက်နိုင်စွမ်းရှိတဲ့ ကမ္ဘာ့အရပ်အပုဆုံးလူသားဟာ အသက်(၂၇)နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ နီပေါနိုင်ငံသား ခါဂျန်ဒြာသာပါမာဂါ(Khagendra Thapa Magar)ဟာ အရပ် ၂ ပေ၊ ၂.၄၁ လက်မ(၆၇.၀၈)စင်တီမီတာပဲ ရှိပါတယ်။ မာဂါကို အသက်(၁၄)နှစ်အရွယ်မှာ နယ်လှည့်အရောင်းသမားတစ်ယောက်က စတင်တွေ့ရှိခဲ့တာပါ။ သူက မာဂါကို ဒေသတွင်း ကျင်းပတဲ့ ပွဲစျေးတွေဆီ ခေါ်သွားခဲ့ပါတယ်။ ပွဲစျေးတွေမှာ မာဂါနဲ့ ဓာတ်ပုံတွဲရိုက်ချင်တဲ့ ကလေးတွေက ပိုက်ဆံပေးရပါတယ်။

၂၀၁၀ ပြည့်နှစ်က အသက်(၁၈)နှစ်ပြည့်ချိန်မှာတော့ မာဂါကို လမ်းလျှောက်နိုင်စွမ်းရှိတဲ့ ကမ္ဘာ့အရပ်အပုဆုံးလူသားအဖြစ် ဂင်းနက်စ်စံချိန်စာအုပ်မှာ ထည့်သွင်းခဲ့ပါတယ်။ ဂင်းနက်စ်စံချိန်တင်နိုင်ခဲ့ပြီးနောက်မှာတော့ မာဂါက ကမ္ဘာတစ်ဝန်း လှည့်လည်သွားလာခဲ့ပြီး ဥရောပနဲ့ အမေရိကန် ရုပ်သံဇာတ်လမ်းတွေမှာ ပါဝင်ခဲ့ပါတယ်။ နီပေါနိုင်ငံရဲ့ခရီးသွားလုပ်ငန်း တိုးတက်ရေးလှုပ်ရှားမှုမှာလည်း မာဂါရဲ့ပုံရိပ်ကို အသုံးပြုခဲ့ပါတယ်။ ”ကိုယ့်ကိုယ်ကိုယ် လူညှက်ကလေးလို့ မထင်ပါဘူး။ ကျွန်တော်က လူကောင်ကြီးပါတယ်။ ဒီစံချိန်ရခဲ့တဲ့အတွက် အဲဒီအချက်ကို သက်သေပြနိုင်ပြီး ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် သင့်တော်တဲ့အိမ်တစ်လုံးရလာမယ်လို့ မျှော်လင့်ပါတယ်”လို့ ဂင်းနက်စ်စံချိန်ဝင်ချိန်မှာ မာဂါက ပြောခဲ့ဖူးပါတယ်။

အဲဒီနောက်မှာတော့ အရပ်အမြင့် ၁.၇၉ ပေ(၅၄.၆ စင်တီမီတာ)ပဲရှိတဲ့ နီပေါနိုင်ငံသား ချန်ဒရာဘာဟာဒါဒန်ဂီ(Chandra Bahadur Dangi)က မာဂါရဲ့စံချိန်ကို ချိုးဖျက်ပြီး လမ်းလျှောက်နိုင်စွမ်းရှိတဲ့ ကမ္ဘာ့အရပ်အပုဆုံးလူသား ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၅ ခုနှစ်မှာ ဒန်ဂီ ကွယ်လွန်သွားလို့ မာဂါက လမ်းလျှောက်နိုင်စွမ်းရှိတဲ့ ကမ္ဘာ့အရပ်အပုဆုံးလူသားအဖြစ် တစ်ကျော့ပြန်သတ်မှတ်ခံခဲ့ရပါတယ်။ ဂင်းနက်စ်စံချိန်အဖွဲ့ဟာ ထူးထူးခြားခြား အရပ်ပုသူတွေကို လမ်းလျှောက်နိုင်စွမ်းရှိသူနဲ့ လမ်းမလျှောက်နိုင်သူဆိုပြီး နှစ်မျိုးနှစ်စား ခွဲခြားသတ်မှတ်ပါတယ်။ ချိုင်းထောက်မပါရင် မတ်တတ်မရပ်နိုင်သလို လမ်းမလျှောက်နိုင်တဲ့ ဖိလစ်ပိုင်နိုင်ငံသား ဘာလာဝင်းကတော့ လမ်းမလျှောက်နိုင်တဲ့ ကမ္ဘာ့အရပ်အပုဆုံးလူသားအဖြစ် ဂင်းနက်စ်စံချိန်ဝင်ခဲ့ပါတယ်။ ဘာလာဝင်ဟာ အရပ်အမြင့် ၁.၉၇ ပေ(၅၉.၉၃ စင်တီမီတာ)ပဲ ရှိပါတယ်။ မာဂါဟာ အဆုတ်ရောင်ရောဂါကြောင့် ပြီးခဲ့တဲ့သောကြာနေ့က နီပေါဆေးရုံမှာ ကွယ်လွန်သွားခဲ့တာပါ။ မာဂါ ကွယ်လွန်သွားပြီးနောက်မှာတော့ အရပ်အမြင့် ၂.၃ ပေ(၇၀.၂၁ စင်တီမီတာ)ရှိတဲ့ ကိုလံဘီယာနိုင်ငံသား အက်ဒ်ဝပ်ဟာနန်ဒက်ဇ်(Edward Hernandez)က လမ်းလျှောက်နိုင်စွမ်းရှိတဲ့ ကမ္ဘာ့အရပ်အပုဆုံးလူသားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top