အိမ်သာသုံးစက္ကူအစား အပင်ရဲ့အရွက်ကို အသုံးပြုကြဖို့ စေ့ဆော်နေတဲ့ သဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူ

5.5.2023-yyl-6.jpg

ရော့ဘ် ဂရင်းဖီးလ် ဆိုသူက စတိုးဆိုင်က ဝယ်လာတဲ့ အိမ်သာသုံးစက္ကူတွေအစား သူ့ခြံထဲမှာ စိုက်ပျိုးထားတဲ့ အိမ်သာသုံးစက္ကူအပင် (blue spur flower) က အစိမ်းရောင်အရွက်တွေကို အိမ်သာသုံးစက္ကူအဖြစ် အသုံးပြုတာပါ။ သဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ သူဟာ ဧပြီ ၂၉ ရက်နေ့ကတည်းက Grow Your Own Toilet Paper ကမ်ပိန်းရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ဖလော်ရီဒါပြည်နယ်က မြို့ကြီးတွေမှာ အိမ်သာသုံးစက္ကူအစားအိမ်သာသုံးစက္ကူအပင်ကို စိုက်ပျိုးပြီး အရွက်တွေကို အသုံးပြုဖို့ လူတွေကို တိုက်တွန်းနေပါတယ်။

မြို့တစ်မြို့စီမှာ သူဟာ Grow Your Own Toilet Paper ဆိုတဲ့ဆိုင်းဘုတ်ထောင်ပြီး အိမ်သာသုံးစက္ကူအပင်ကို အသုံးပြုဖို့ စေ့ဆော်နေတာပါ။ သူက လူတွေကို အိမ်သာသုံးစက္ကူအဖြစ် အခြားအရာကို အသုံးပြုလို့ရတယ်ဆိုတာ သိစေချင်တာပါ။ လူသား​တွေရဲ့လုပ်ရပ်တွေက ကမ္ဘာကြီးကို ဘယ်လောက်ခြိမ်းခြောက်နေတယ်ဆိုတာ လူတွေကို သတိ​ပေးရတာကြိုက်တဲ့ သူ့အတွက်သူ့ရဲ့ကမ်ပိန်းက အခြားသူတွေ အာရုံစိုက်လာစေမယ့် နည်းလမ်းတစ်ခုပါပဲ။

အခုဆို သူ့ရဲ့ကမ်ပိန်းကို လူတွေက စိတ်ဝင်စားလာပြီး အပင်အကြောင်း မေးခွန်းတွေ မေးလာကြပါတယ်။ မေးခွန်းတွေ မေးလာတဲ့အခါ ရော့ဘ်က သူတို့ကို အပင်ရဲ့အရွက်တွေကို ထိတွေ့စေပါတယ်။ အိမ်သာသုံးစက္ကူအပင်ရဲ့အရွက်တွေက နူးညံ့ပြီး ပူရှိန်းအနံ့လည်းရပါတယ်။

အရွက်တစ်ရွက်စီက အိမ်သာသုံးစက္ကူအရွယ်အစားပါ။ အိမ်မှာ ဒီအပင်တွေ စိုက်ပျိုးရတာလည်း လွယ်ကူပါတယ်။ ပိုက်ဆံအကုန်ခံပြီး အိမ်သာသုံးစက္ကူဝယ်သုံးမယ့်အစား ဒီအပင်က အရွက်တွေကို အသုံးပြုတာက အကျိုးများစွာရှိပါတယ်။ ဒီအရွက်တွေကို အမှိုက်ပုံးထဲက လွှတ်ပစ်တာ၊ ခြံဝင်းထဲမှာ မြှုပ်တာတွေလုပ်ရင် ကမ္ဘာကြီးအတွက် ဘေးမဖြစ်စေပါဘူး။အိမ်သာသုံးစက္ကူသုံးတာဖြတ်တောက်လိုက်တာက သစ်ပင်တွေ ခုတ်လဲတာ၊ စက္ကူထုတ်လုပ်တာ၊ ဖြန့်​ဖြူးတာ၊ ဖယ်ရှားပစ်တာတွေအတွက် လိုအပ်တဲ့ စွမ်းအင်ပမာဏကို လျှော့နည်းစေတယ်လို့လည်း ဆိုပါတယ်။

လွန်ခဲ့တဲ့နှစ်တွေတုန်းကလည်း ရော့ဘ်က သူ အသုံးပြုခဲ့တဲ့အမှိုက်တွေပြည့်နေတဲ့ ဝတ်စုံကို တစ်လတာဝတ်ဆင်တာ၊ ၁၀၀ စတုရန်းပေကျယ်တဲ့ နေရောင်ခြည်စွမ်းအင်သုံးအိမ်သေးသေးလေးမှာ နေထိုင်တာတွေလုပ်ခဲ့ပါတယ်။

Ref: Eco-Activist Grows His Own Toilet Paper — On Toilet Paper Plants: ‘It’s Possible’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top