တရုတ်နိုင်ငံက တင်ပို့တဲ့ စမ်းသပ်ရေး ကိရိယာတွေက အမှိုက်ရှုပ်တာပဲ အဖတ်တင်ပြီး သုံးစားမရဘူးလို့ ဘရာဇီးဆရာဝန် ပြော

9-6-2020-yyl-028.jpg

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအများဆုံး နိုင်ငံတွေစာရင်းမှာ အမေရိကန်နိုင်ငံပြီးရင် ဘရာဇီးက အဆင့်(၂)ပါ။ ကူးစက်ခံရသူ ၇၁၀၀၀ ကျော်၊ သေဆုံးသူ ၃၇၀၀၀ ကျော် ရှိပါတယ်။ ဒါတောင် ရောဂါစစ်ဆေးမှု လုပ်နိုင်တာ နည်းသေးလို့ ဒီလောက်ပဲ တွေ့သေးတာ၊ အမှန်တကယ် ကူးစက်ခံရသူပမာဏက ဒီထက်များတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက သုံးသပ်ကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကြုံရချိန်မှာ ဘရာဇီးနိုင်ငံရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေ အရမ်းများပါတယ်။ အကြီးမားဆုံးစိန်ခေါ်မှုကတော့ တရုတ်နိုင်ငံက တင်ပို့တဲ့ စမ်းသပ်ရေးကိရိယာတွေက သုံးစားမရတာပါပဲ။ ဘရာဇီးဆရာဝန်တစ်ယောက်ကတော့ တရုတ်နိုင်ငံထုတ် စမ်းသပ်ရေးကိရိယာတွေက အမှိုက်ရှုပ်တာပဲ အဖတ်တင်တယ်လို့ ဆိုပါတယ်။

” ဖေဖော်ဝါရီ ဒါမှမဟုတ် မတ်လလောက်မှာ တရုတ်နိုင်ငံက တင်ပို့တဲ့ စမ်းသပ်ရေးကိရိယာတွေ အလုံးအရင်းလိုက် ဝင်လာတယ်။ စမ်းသပ်ရေးကိရိယာ ၁၁ မျိုးကို စမ်းကြည့်တာ ၉ မျိုးက လုံးဝသုံးစားမရဘူး။ လုံးဝမစစ်ရတာနဲ့စာရင် ဒီကိရိယာတွေနဲ့ စစ်ဆေးတာ ပိုကောင်းမယ်လို့ အစိုးရက ထင်ကြတယ်။ ဒါပေမဲ့ အဲဒီအတွေးက မမှန်ပါဘူး။ အရည်အသွေးညံ့ပစ္စည်းနဲ့ စမ်းသပ်တာက လုံးဝမစမ်းသပ်တာထက် ပိုဆိုးပါတယ်။ ရလဒ်ဆိုးတွေ ထွက်စေတယ်”လို့ ဆော်ပေါ်လိုမြို့ ဆေးရုံဓာတ်ခွဲခန်းများ ဒါရိုက်တာ ဒေါက်တာ ဂရာနာတိုက ပြောပါတယ်။

ဘရာဇီးနိုင်ငံမှာ နောက်ထပ်ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုကတော့ သမ္မတ ဘော်ဆိုနာရိုရဲ့ ခေါင်းမာမှုနဲ့ စီမံခန့်ခွဲပုံ ညံ့ဖျင်းမှုပါပဲ။ လွှတ်တော်က ချမှတ်ထားတဲ့ ပိတ်ဆို့မှုစည်းမျဉ်းတွေကို သမ္မတ ဘော်ဆိုနာရိုက လုံးဝလက်မခံဘူး၊ ဒီစည်းမျဉ်းတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ သူကိုယ်တိုင် ပါဝင်ဆင်နွှဲတယ်။ ဗိုင်းရပ်စ်က ဘယ်လိုနေနေ ကူးမှာပဲ။ ဗိုင်းရပ်စ်ကူးတာထက်စာရင် စီးပွားရေးကျဆင်းလို့ အလုပ်အကိုင်မရှိတာက ပိုဆိုးတယ်လို့ သူက တွင်တွင်ပြောတယ်။ ဘရာဇီးနိုင်ငံမှာ ရောဂါကူးစက်မှုနှုန်းက ကြောက်မက်ဖွယ် တဟုန်ထိုး မြင့်တက်နေတယ်။

ဘရာဇီးနိုင်ငံရဲ့ ဧရိယာအကျယ်အဝန်း ကြီးမားမှုကလည်း စိန်ခေါ်မှုတစ်ရပ်ပါပဲ။ RT-PCR (Real Time- Polymerase Chain Reaction) ‌မော်လီကျူးစမ်းသပ်မှုတွေ လုပ်နိုင်တဲ့ ဓာတ်ခွဲခန်း အများစုက ဘရာဇီးနိုင်ငံ တောင်ပိုင်းမှာပဲ ရှိပါတယ်။ ဘရာဇီးနိုင်ငံကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အဆိုးရွားဆုံးခံစားနေရတဲ့ အမေဇုန်ဒေသလို သီးခြားတည်ရှိနေတဲ့ နေရာတွေ ကနေ ဓာတ်ခွဲနမူနာတွေကို ဓာတ်ခွဲခန်းတွေကို ပို့ဆောင်ရေးကလည်း အခက်အခဲတွေ ရှိပါတယ်။ ” အမေဇုန်ဒေသကနေ ဆော်ပေါ်လိုကို မိုင် ၃၀၀၀ ဝေးတယ်။ ဓာတ်ခွဲနမူနာ ရယူချိန်ကစပြီး ဓာတ်ခွဲခန်းကို ရောက်ချိန်အထိ အပူချိန်ကို တသမတ်တည်း ထားရှိဖို့ လိုအပ်ပါတယ်”လို့ ဒေါက်တာ ဂရာနာတိုက ပြောပါတယ်။ အဲဒီအတွက် ရောဂါစစ်ဆေးမှုတွေ ကသောင်းကနင်းဖြစ်ခဲ့ရပါတယ်။

Ref: BBC

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top