မသန်စွမ်းမိဘတွေကို ဈေးရောင်းကျွေးနေပြီး ဖော်လိုဝါ ၇ သန်းကျော်ရရှိထားတဲ့ တရုတ်ဈေးသည်မလေး

follower.png

အသက် ၅ နှစ်ကတည်းက အိမ်မှုကိစ္စတွေလုပ်ကိုင်ခဲ့ရတဲ့ တရုတ်နိုင်ငံအလယ်ပိုင်းကကောင်မလေးဟာ အသက် ၁၅ နှစ်မှာ ကျောင်းထွက်ပြီး သူ့ရွာလေးမှာ ဈေးရောင်းကာ မသန်စွမ်းမိဘတွေကို လုပ်ကျွေးနေပါတယ်။ အခုဆို သူဟာ လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးနေပါတယ်။

အသက် ၂၇ နှစ်အရွယ် လီရာဝူဆိုတဲ့ ကောင်မလေးက ဟယ်နန်ကဖြစ်ပြီး အွန်လိုင်းမှာ လီဖုကွေ့အဖြစ် သိကြပါတယ်။ ကျေးလက်ဘဝနဲ့ သက်ကြီးရွယ်အိုရွာသူရွာသားတွေနဲ့ အပြန်အလှန်ဆက်ဆံပြောဆိုတဲ့ သူ့ရဲ့ဗီဒီယိုတွေက တရုတ်လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့သွားကာ ဖော်လိုဝါ ၇ သန်းကျော်ရရှိစေခဲ့ပါတယ်။

သူ့ရဲ့အလှတရားနဲ့ ဖော်ရွေမှုတွေကြောင့် ပရိသတ်တွေက သူ့ကို ရှေးဟောင်းတရုတ်ရဲ့ ဂန္တဝင်အလှနတ်သမီးတွေထဲက တစ်ယောက်ကို ရည်ညွှန်းပြီး “Vegetable Xi Shi” လို့ နာမည်ပြောင်ပေးထားကြပါတယ်။

လီရာဝူရဲ့မိဘတွေက မသန်စွမ်းတွေဖြစ်ကြပြီး သူ့အမေက အချိန်ပြည့်ပြုစုစောင့်ရှောက်မှုလိုအပ်ပါတယ်။ ၆ နှစ်သားအရွယ်စိတ်မျိုးဖြစ်နေတဲ့ သူ့အဖေကတော့ အချိန်ပြည့်ကြည့်စရာမလိုတဲ့အပြင် ရိုးရိုးရှင်းရှင်းအစားအစာတွေကိုလည်း ချက်ပြုတ်တတ်ပါတယ်။

သူက အသက် ၁၉ နှစ်မှာ လက်ထပ်ခဲ့ပေမဲ့ သူ့ခင်ပွန်းက ပြုစုစောင့်ရှောက်မယ့်တာဝန်တွေကို ခွဲမယူနိုင်လို့ ၁ နှစ်အကြာမှာ ကွာရှင်းခဲ့ပါတယ်။ သူ့အဘွားက ၂၀၂၀ ခုနှစ်မှာ သေဆုံးသွားခဲ့ပြီးနောက် သူနဲ့ သူ့အဘိုးက သူ့မိဘတွေကို ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ ဟိုအရင်တုန်းကတော့ လီက လှည်းလေးနဲ့ တစ်ရွာဝင်တစ်ရွာထွက် ဈေးရောင်းခဲ့တာပါ။ အဝေးမသွားနိုင်တဲ့ သက်ကြီးရွယ်အိုတွေ လိုအပ်မယ့် ပစ္စည်းတွေရောင်းပါတယ်။ လူငယ်တွေက အဝေးမှာ အလုပ်သွားလုပ်နေတာကြောင့် သက်ကြီးရွယ်အိုတော်တော်များများက တစ်ဦးတည်း နေထိုင်ကြပါတယ်။

လီက တိုဖူး၊ ခေါက်ဆွဲအေး၊ ဟင်းသီးဟင်းရွက်တွေကို ယွမ်အနည်းငယ်နဲ့ ရောင်းချပါတယ်။ သူက သက်ကြီးရွယ်အိုတွေကို တိုဖူးအပိုပေးတာ၊ အစားအစာတွေ အလကားကျွေးတာတွေ မကြာခဏလုပ်လေ့ရှိပါတယ်။ စပါးအခြောက်လှန်းတာ၊ ဖုန်းခေါ်ပေးတာ၊ ဖုန်းပြင်ပေးတာတွေလည်း လုပ်ပေးပါတယ်။ သက်ကြီးရွယ်အိုတွေကလည်း သူ့ကို သမီးအရင်းတစ်ယောက်လို့ ဆက်ဆံကြပြီး ထမင်းစားဖို့တောင် ဖိတ်လေ့ရှိပါတယ်။

လီက နေတိုင်း သူ့မိဘတွေအတွက် ချက်ပြုတ်ပေးတာ၊ သူ့အဖေကို စာရေးတက်အောင် သင်ပေးတာတွေလုပ်တဲ့အပြင် သီးပင်စားပင်တွေ စိုက်တဲ့သူ့အဘိုးကိုလည်း ကူညီပေးပါတယ်။ သူက အွန်လိုင်းကနေလည်း ဈေးရောင်းပါတယ်။

ဇွန်လတုန်းက လီဟာ တစ်နှစ်ကို ယွမ် ၁ သန်းကျော်ဝင်တယ်ဆိုတဲ့ ကောလဟာလကို ဖြေရှင်းပေးခဲ့ပါသေးတယ်။ သူ့ရဲ့ဝင်ငွေက ပျမ်းမျှ ရုံးဝန်ထမ်းထက် အနည်းငယ်ပဲ သာပါတယ်လို့ သူက ဆိုထားပါတယ်။ သူ့ရဲ့ဝင်ငွေအားလုံးက အွန်လိုင်းဈေးရောင်းတာကနေ ရပါတယ်။ သူ ဘယ်တော့မှ ကြော်ငြာလက်ခံမှာမဟုတ်ဘူးလို့ ပြောထားပါတယ်။ အခြားသူတွေ စာနာသနားလာအောင်လုပ်နေတာမဟုတ်ဘဲ သူ့မိသားစုအတွက် ဘဝပိုမိုတောက်ပစေဖို့အတွက်ပဲ ကြိုးစားနေတာပါလို့ သူက ဆိုထားပါတယ်။

Ref: China woman, left school at 15 to support her family, gets 7 million fans selling produce online

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top