တရုတ်နိုင်ငံအရှေ့ပိုင်းက တိရစ္ဆာန်ဥယျာဉ်တစ်ခုက ကင်ဆာရောဂါခံစားနေရတဲ့ ကလေးမလေးတစ်ဦးရဲ့ နှစ်စဉ်ဝင်ကြေးငွေကို ပြန်အမ်းပေးခဲ့တဲ့အပြင် သူ့မိသားစုကို ပံ့ပိုးကူညီပေးဖို့အတွက် တိရစ္ဆာန်ဥယျာဉ်မှာ ရှိတဲ့ ဆုတောင်းပြည့်ရေကန် (ကန်ထဲအကြွေစေ့တွေပစ်ပြီး ဆုတောင်းရတဲ့ ရေကန်) က အကြွေစေ့တွေအားလုံးကို လှူဒါန်းခဲ့ပါတယ်။

ကျန်းစူးပြည်နယ်က အသက် ၂ နှစ်အရွယ် ရှောင်ရန်ဆိုတဲ့ ကလေးမလေးဟာ Nantong Forest Safari Park ကို မကြာခဏလာရောက်လည်ပတ်သူဖြစ်ပြီး ၂ လအတွင်း ၅ ခေါက်လာပါတယ်။
ရှောင်ရန်ရဲ့မိဘတွေက သူ့အတွက် အကန့်အသတ်မရှိ လာရောက်လို့ရမယ့် နှစ်စဉ်ဝင်ကြေးလက်မှတ်ကို ၅၈၈ ယွမ် (ကန်ဒေါ်လာ ၈၀) နဲ့ဝယ်ပေးခဲ့ပါတယ်။ ဇွန်လအလယ်မှာ ရှောင်ရန်ဟာ ကလေးတွေမှာ အဖြစ်များတဲ့ ရှားပါးကြွက်သားကင်ဆာရောဂါရှိနေတာကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

ကင်ဆာရောဂါကုသမှုက ဈေးကြီးတဲ့အတွက် သူ့ရဲ့မိသားစုမှာ ငွေကြေးအခက်အခဲဖြစ်လာခဲ့ပါတယ်။ ရှောင်ရန်ရဲ့အမေက တိရစ္ဆာန်ဥယျာဉ်ကို နှစ်စဉ်ဝင်ကြေးအတွက် ငွေပြန်အမ်းပေးဖို့ ဆက်သွယ်ခဲ့ပါတယ်။ တိရစ္ဆာန်ဥယျာဉ်ကလည်း ငွေပြန်အမ်းပေးဖို့ သဘောတူခဲ့တဲ့အပြင် နေကောင်းသွားတဲ့အခါ ဝင်ကြေးအခမဲ့နဲ့ လာလည်ဖို့လည်း ဖိတ်ခေါ်ခဲ့ပါတယ်။
တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းတွေကလည်း ဆုတောင်းပြည့်ရေကန်က အကြွေ့စေ့တွေအားလုံးကို ကောက်ပြီး ရှောင်ရန်မိသားစုကို အပိုငွေသား ယွမ် ၅၀၀၀၀ နဲ့အတူ ယွမ် ၁၂၀၈၃ ( ကန်ဒေါ်လာ ၁၆၈၀) ကို လှူဒါန်းပေးခဲ့ပါတယ်။ ကန်ထဲက အကြွေစေ့တွေကို ကောက်ပြီး အကြွေစေ့ရေတွက်ဖို့ နာရီ ၂၀ ကျော်အချိန်ယူခဲ့ရပါတယ်။ ဇူလိုင် ၁၁ ရက်နေ့က တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းတွေဟာ အလှူငွေပေးဖို့အတွက် တိရစ္ဆာန်အရုပ်လေးတွေနဲ့ ရှောင်ရန်ရဲ့အိမ်ကို သွားလည်ခဲ့ကြပါတယ်။

တိရစ္ဆာန်ဥယျာဉ်မှာ ၂ စတုရန်းကီလိုမီတာကျော် ကျယ်ဝန်းပြီး တောရိုင်းတိရစ္ဆာန် ၂၀၀၀၀ နီးပါးနေထိုင်ပါတယ်။ တိရစ္ဆာန်ဥယျာဉ်လာတဲ့သူတွေက ကျန်းမာရေးနဲ့ ကံကောင်းမှုအတွက် ရေကန်ထဲ အကြွေစေ့ပစ်ပြီး ဆုတောင်းကြပါတယ်။ အဲ့ဒီအကြွေစေ့တွေကို ကြက်ခြေနီအသင်းဆီ နှစ်စဉ် လှူဒါန်းလေ့ရှိပါတယ်။ တရုတ်နိုင်ငံမှာ ဆုတောင်းပြည့်ရေကန်က အကြွေစေ့တွေကို ယူတာက အခြားသူတွေရဲ့ဆန္ဒကို ခိုးယူတာနဲ့ တူတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ အဲ့ဒီအကြွေစေ့တွေနဲ့ ကုသိုလ်ကောင်းမှုပြုတာက ကံကောင်းခြင်းတွေကို ဖြစ်ပေါ်စေတယ်လို့ ယုံကြည်ထားပါတယ်။
Ref: China zoo refunds annual pass for girl with cancer, donates US$1,700 from wishing well, moves many
WL (ရိုးရာလေး)

