စံချိန်ဟောင်းထက် ၁၀ ဆ သာလွန်အောင် စွမ်းဆောင်ပြီး စံချိန်သစ်တင်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ နေအတု

19-2-2022-yyl1.jpg

တရုတ်နိုင်ငံရဲ့ အားအပြင်းဆုံး နျူကလီးယားဓာတ်ပေါင်းဖိုဟာ အပူချိန်အကြာဆုံးထိန်းနိုင်တဲ့ ကမ္ဘာ့စံချိန်ထက် (၂၀၂၁ ခုနှစ်မှာ သူတို့တင်ထားတဲ့စံချိန်) ၁၀ ဆကျော် ပိုသာအောင် စွမ်းဆောင်ပြီး စံချိန်သစ် တင်ခဲ့ပါတယ်။ တရုတ်နိုင်ငံ ဟူဖေမြို့မှာရှိတဲ့ Experimental Advanced Superconducting Tokamak (EAST) နျူကလီးယားဓာတ်ပေါင်းဖိုဟာ ပလာစမာကို အပူပေးပြီး သန်း ၁၂၀ ဖာရင်ဟိုက် ( သန်း ၇၀ ဆဲလ်စီးယက် ) အပူချိန်မှာ ၁၇.၅ စက္ကန့်ကြာ ထိန်းထားနိုင်ခဲ့တာပါ။ ဒါဟာ အလွန်ပူပြင်းတဲ့ ပလာစမာကို အချိန်အကြာဆုံး ထိန်းထားနိုင်မှုဖြစ်ပါတယ်။

ပလာစမာကို ဓာတ်ပေါင်းဖိုထဲမှာ အချိန်ကြာကြာ ထားနိုင်လေလေ၊ လျှပ်စစ်စွမ်းအင် ပိုထုတ်နိုင်လေဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှာ အောင်မြင်တဲ့ စမ်းသပ်မှုတွေ များများလုပ်နိုင်လေလေ နျူကလီးယားပေါင်းစည်းစွမ်းအင် (nuclear fusion power)ထုတ်လုပ်နိုင်စွမ်း ပိုတိုးမြင့်လေလေ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ EAST နျူကလီးယားဓာတ်ပေါင်းဖို တင်ခဲ့တဲ့ စံချိန်နဲ့ လက်ရှိစံချိန် ကွာဟချက်ကို ကြည့်လိုက်ရင်လည်း နျူကလီးယားပေါင်းစည်းစွမ်းအင် နည်းပညာက ဘယ်လောက်အထိ အဆင့်မြင့်လာလဲဆိုတာ မြင်တွေ့ရမှာပါ။

ကြယ်တွေ ဖြစ်တည်လာတဲ့ပုံစံကို နမူနာယူပြီး ဖန်တီးထားကြတာဖြစ်လို့ နျူကလီးယားပေါင်းစည်းဓာတ်ပေါင်းဖိုတွေကို နေအတုတွေလို့ ခေါ်ကြလေ့ရှိပါတယ်။ ပလာစမာဆိုတာ လျှပ်စစ်စီးနိုင်တဲ့ဓာတ်ငွေ့ကို ခေါ်တာပါ။ စကြဝဠာထဲမှာရှိတဲ့ ကြယ်တွေကလည်း ပလာစမာတွေနဲ့ ဖွဲ့စည်းထားတာပါ။ ဓာတ်ပေါင်းဖိုတွေအလိုက် ပလာစတာတွေ ဖန်တီးဖို့ အသုံးပြုတဲ့နည်းလမ်းလည်း မတူညီပါဘူး။

ရေခဲဆိုတာ ဟိုက်ဒရိုဂျင်ရဲ့ အစိုင်အခဲပုံစံ၊ ရေဆိုတာ အရည်ပုံစံ၊ ရေငွေ့ဆိုတဲ့ ဟိုက်ဒရိုဂျင်ရဲ့ အငွေ့ပုံစံ အစရှိတဲ့ ဒြပ်ဝတ္တုရဲ့ အခြေအနေ (၃)မျိုးရှိပါတယ်။ ပလာစမာဆိုတာကတော့ အငွေ့ကိုထပ်ပြီး အပူပေးလိုက်ရင် ဖြစ်ပေါ်လာတဲ့ စတုတ္တမြောက် အခြေအနေပါ။ ပုံမှန်အားဖြင့်တော့ ပလာစမာဟာ အငွေ့ပျံ ပျောက်ကွယ်ပြီး ခဏလေးနဲ့ အေးသွားတာပါ။ ဒါပေမဲ့ အလွန်လျှပ်ကူးမြန်တဲ့ သံလိုက်တွေကနေ ပြင်းထန်တဲ့ ဆွဲငင်အားထုတ်လွှတ်စေပြီး ပလာစမာတွေကို ထိန်းတာ ဖြစ်ပါတယ်။

ပလာစမာတွေဟာ ဖိအားအောက် ရောက်သွားပြီဆိုတာနဲ့ ဟိုက်ဒရိုဂျင်အက်တမ်တွေရဲ့ နျူကလိယတွေဟာ သံလိုက်ဆွဲငင်အားကနေ ရုန်းထွက်ရင်း အပူချိန်ကြောင့် နျူကလိယတစ်ခုနဲ့တစ်ခု ပေါင်းစည်းမိသွားတာပါ။ ဒါကြောင့် နျူကလီးယားပေါင်းစည်းဓာတ်ပေါင်းဖိုလို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဟိုက်ဒရိုဂျင်အက်တမ် ၄ လုံး ပေါင်းစည်းပြီး ဟီလီယံအက်တမ်တစ်လုံး ဖြစ်သွားပြီဆိုရင် အဲဒီဖြစ်စဉ်ကနေ လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ပြီး ဓာတ်ပေါင်းဖိုရဲ့ နံရံတွေကနေ စွမ်းအင်ကို စုဆောင်းရယူတာဖြစ်ပါတယ်။

နျူကလီးယားပေါင်းစည်းစွမ်းအင် ထုတ်လုပ်မှုမှာ ဟီလီယံဓာတ်ငွေ့ကလွဲပြီး တခြားဓာတ်ငွှေ့ မထွက်ပါဘူး။ နျူကလီးယားဓာတ်ပေါင်းဖို တည်ထောင်သူအများစုကလည်း ယူရေနီယမ်၊ ပလူတိုနီယမ်ဒြပ်သတ္တုတွေအစား ပင်လယ်ရေကိုပဲ လောင်စာရင်းမြစ်အဖြစ် အသုံးပြုနိုင်ဖို့ ပြင်ဆင်နေကြပါတယ်။ ပင်လယ်ရေထဲမှာ ဒူတာရီယမ်၊ ထရီတီယမ်ဒြပ်တွေ ပါဝင်တဲ့အပြင် စွမ်းအင်အထွက်နှုန်းလည်း ပိုကောင်းတာကြောင့်ပါပဲ။ ပင်လယ်ရေတစ်လီတာကို လောင်စာရင်းမြစ်အဖြစ် အသုံးပြုရင် ထွက်ရှိတဲ့ လျှပ်စစ်စွမ်းအင်ပမာဏဟာ ရေနံ လီတာ ၃၀၀ ကို အသုံးပြုတဲ့နှုန်းနဲ့ ညီမျှပါတယ်။

Ref: Good News Network ” China’s Artificial Sun Just Broke a Record for Longest Sustained Nuclear Fusion Ten Times Over ”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top