ကေဘယ်ကြိုးနဲ့ မြစ်ကို ဖြတ်ပြီး ကျောင်းတက်ခဲ့ရတဲ့ ကောင်မလေး ဆေးတက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပြီ

20-7-2022-16.jpg

ဆေးတက္ကသိုလ်က ဘွဲ့ရခဲ့ရတဲ့ ယွီရန်ရှ

တရုတ်နိုင်ငံက ယွီ ရန်ရှ ဆိုသူ လီဆူကောင်မလေးဟာ ကူမင်းဆေးတက္ကသိုလ်ကနေ ဘွဲ့ရပြီးနောက် သူ့ရဲ့ရပ်ရွာကို ပြန်ပေးဆပ်ဖို့အတွက် မွေးရပ်မြေကို ပြန်လာနေပါတယ်။ တစ်ချိန်က ယွီရန်ရှဟာ နေ့တိုင်း ကျောင်းကို သွားဖို့ ကေဘယ်ကြိုးသုံးပြီး မြစ်ကို ဖြတ်သွားခဲ့တာကြောင့် သတင်းမီဒီယာတွေရဲ့ခေါင်းကြီးပိုင်းမှာ ပါပြီး နာမည်ကြီးခဲ့တဲ့ ကောင်မလေးပါ။ “ကေဘယ်ကောင်မလေး”လို့တောင် နာမည်တွင်ခဲ့တာပါ။

ယွီရန်ရှက တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ် နူကျန်းစီရင်စုက တောင်တန်းဒေသကနေ လာခဲ့တာပါ။ သူဟာ သူ့ရွာမှာဆိုရင် တက္ကသိုလ်တက်ခွင့်ရခဲ့တဲ့ ပထမဆုံးသောသူပါ။ သူက အခုနှစ်အစောပိုင်းမှာ ဘွဲ့ရခဲ့ပါတယ်။ အခုဆိုရင် ဆရာဝန်တစ်ယောက်အနေနဲ့ သူ့ရွာလေးကို ပြန်လာဖို့ ဆုံးဖြတ်ထားပါတယ်။

ကျောင်းကို ရောက်ဖို့ ကေဘယ်ကြိုးနဲ့ မြစ်ကို ဖြတ်နေတဲ့ ယွီရန်ရှ

၂၀၀၇ ခုနှစ်မှာ ယွီရန်က ကျောင်းကို သွားဖို့ သူ့ရွာအနီးနားက နူကျန်းမြစ်ကို ကေဘယ်ကြိုးနဲ့လျှောသွားပြီး ဖြတ်နေတာကို ဂျာနယ်လစ်တစ်ယောက်က ဓာတ်ပုံရိုက်ခဲ့တာကြောင့် နာမည်ကြီးသွားခဲ့တာပါ။ အဲဒီအချိန်တုန်းက သူ့အသက်ဟာ ၈ နှစ်ပါ။ အဲဒီနောက်မှာ နိုင်ငံတစ်ဝှမ်းက ရန်ပုံငွေရှာဖွေရေးစီမံချက်တစ်ရပ် လုပ်ဆောင်ခဲ့ပါတယ်။ နောက်နှစ်မှာတော့ ရှာလို့ရခဲ့တဲ့ ရန်ပုံငွေတွေကို အသုံးပြုပြီး မြစ်ကူးတံတားကို တည်ဆောက်ခဲ့ကြပါတယ်။

ယွီရန်ကလည်း ပရဟိတသမားတွေရဲ့လှူဒါန်းမှုနဲ့ ပေကျင်းနဲ့ ကူမင်းမြို့တွေကို ခရီးထွက်ခွင့်ရခဲ့ပါတယ်။ ယွီရန်က နှစ်တော်တော်ကြာ လူ့အသိုင်းအဝိုင်းက အကူအညီတွေကို ရရှိခဲ့တာကြောင့် ဆေးကျောင်းကနေ ဘွဲ့ရပြီးတဲ့နောက် အခြားသူတွေကို ကူညီပေးချင်ခဲ့တာပါ။ သူဟာ အခြားဆေးရုံက ကမ်းလှမ်းချက်တွေကို ငြင်းပယ်ပြီး သူ့နေအိမ်အနီးနားက Nujiang People’s Hospital က ကမ်းလှမ်းချက်ကို လက်ခံခဲ့တာပါ။ စက်တင်ဘာလမှာ အလုပ်စပြီး လုပ်တော့မှာပါ။

မြစ်ကို ဖြတ်ဖို့ လုပ်နေတဲ့ ယွီရန်ရှ

ယွီရန်က “ကျွန်မကတော့ လူတော်တော်များများလုပ်မယ့် ဆုံးဖြတ်ချက်ကို ချခဲ့ရုံပါ။ လူအများကြီးဆီက အကူအညီတွေရခဲ့တာကြောင့်ပါ။ နူကျန်းက ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေအားလုံးနဲ့အတူတူ ကျွန်မရဲ့မွေးရပ်မြေမှာ ကျန်းမာရေးစောင့်ရှောက်ရေးဝန်ဆောင်မှုဖွံ့ဖြိုးတိုးတက်စေဖို့ ပံ့ပိုးကူညီနိုင်မယ်လို့ မျှော်လင့်တယ်”တဲ့။

ယွီရန်ဟာ ၂၀၀၀ ပြည့်နှစ်နှောင်းပိုင်းမတိုင်ခင် ပြင်ပ ​လောကကိုရောက်ဖို့ အဓိကလမ်းပန်းဆက်သွယ်​ရေးနည်းလမ်းအဖြစ် ကေဘယ်ကြိုးနဲ့ စက်သီးစနစ်ကို အသုံးပြုခဲ့ရတဲ့ လီဆူလူမျိုးတွေထဲက တစ်ယောက်ဖြစ်ခဲ့တာပါ။

Ref: SCMP “China’s famous ‘cable girl’ returns to help remote village after graduating from university with medical degree”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top