သဘာဝတရားက လွှမ်းခြုံထားတဲ့ စွန့်ပစ်တံငါရွာ

11-10-2022yyl01.jpg

ခရီးသွားဧည့်သည်တွေအတွက် လာရောက်လည်ပတ်စရာနေရာတစ်ခုဖြစ်လာတဲ့ စွန့်ပစ်ရွာလေးတစ်ရွာရှိပါတယ်။ အဲဒီရွာလေးဟာ တရုတ်နိုင်ငံ၊ အရှေ့ဘက်ကမ်းရိုးတန်းက Shengshan ကျွန်းမှာ တည်ရှိတဲ့ Houtouwan ရွာလေးပါ။ Houtowan ဟာ တစ်ချိန်က သာယာဝပြောတဲ့ တံငါရွာတစ်ရွာဖြစ်ခဲ့တာပါ။ ၁၉၈၀ ပြည့်နှစ်တုန်းက အဲဒီရွာမှာ လူဦးရေ ၃၀၀၀ ကျော် နေထိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဝေးလံခေါင်သီပြီး သွားလာရခက်ခဲတဲ့နေရာဖြစ်တာကြောင့် အဲဒီမှာနေထိုင်သူတွေက ၁၉၉၀ ပြည့်နှစ်မှာ စတင်ပြောင်းရွှေ့လာခဲ့ကြပါတယ်။

ထွက်မသွားတဲ့လူတချို့ကတော့ အဲဒီရွာလေးမှာ ရေနဲ့လျှပ်စစ်မီးမရှိဘဲ နေထိုင်ခဲ့ကြပါတယ်။ ၂၀၀၂ ခုနှစ်မှာတော့ အဲဒီရွာက လူဦးရေနည်းပါးသွားခဲ့ပြီး တဖြည်းဖြည်းပြောင်းလဲသွားခဲ့ပါတယ်။ဆယ်စုနှစ်များစွာ စွန့်ပစ်ခံခဲ့ရပြီးတဲ့နောက်မှာ သမုဒ္ဒရာကို မျက်နှာမူနေတဲ့၊ ကမ်းပါးဘေးက အိမ်အလွတ်တွေကို သဘာဝပေါက်ပင်တွေက ဖုံးလွှမ်းသွားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ စွန့်ပစ်တံငါရွာလေးရဲ့ ပုံရိပ်တွေက တရုတ်လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့သွားပြီးတဲ့နောက်မှာတော့ လူစိတ်ဝင်စားမှုများလာခဲ့ပါတယ်။

ကျွန်းက အာဏာပိုင်တွေဟာ အဲဒီရွာကို ခရီးသွားတွေ လာရောက်မှု ရုတ်တရက်မြင့်တက်လာတာကို သတိထားမိခဲ့ပါတယ်။ ဒါကြောင့် ရွာလေးကို ခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်လို့ရတဲ့ နေရာအဖြစ် ဖွင့်လှစ်ဖို့ စီစဉ်ခဲ့ကြပါတယ်။ နှစ်နှစ်ကျော်အစီအစဉ်ဆွဲပြီးတဲ့နောက် သဘာဝတရားတွေ လွှမ်းခြုံထားဆဲ တံငါရွာလေးက ငွေရှာပေးနိုင်တဲ့ ခရီးသွားဧည့်သည်လာရောက်လည်ပတ်ရာနေရာဖြစ်လာခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာ ရွာလေးကို လာရောက်လည်ပတ်လို့ရတဲ့နေရာအဖြစ် ဖွင့်လှစ်ခဲ့ပြီး ဝင်ကြေးလက်မှတ်တစ်စောင်ကို ၃ ဒေါ်လာ သတ်မှတ်ထားပါတယ်။ လာရောက်လည်ပတ်သူတွေကတော့ ၈ ဒေါ်လာပေးကာ ရွာတစ်ဝိုက်အနှံ့ ခြေလျင်တက်ကာ ကြည့်ရှုခံစားကြပါတယ်။ အဆောက်အဦးတွေအတွင်း ဝင်ရောက်ရင် အန္တရာယ်ရှိတဲ့အကြောင်း ခရီးသွားတွေကို သတိပေးတဲ့ဆိုင်းဘုတ်တွေကို အိမ်အလွတ်တွေရဲ့အပြင်ဘက်မှာ တပ်ဆင်ထားပါတယ်။

ရွာလေးရဲ့ကျော်ကြားမှုက Shenshan ကျွန်းရဲ့ခရီးသွားလုပ်ငန်းကို အားကောင်းစေခဲ့ပါတယ်။ ရွာအတွင်းမှာမဟုတ်ဘဲ ကျွန်းတစ်ဝိုက်မှာ စားသောက်လို့ရမယ့်၊ တည်းခိုလို့ရမယ့် နေရာတွေလည်း စီစဉ်ထားပါတယ်။ ၂၀၂၁ ခုနှစ်မှာ ရွာလေးကို လာရောက်လည်ပတ်သူ (၉၀,၀၀၀) ရှိခဲ့ပြီး ကျွန်းအတွက် ဒေါ်လာ ၄၇၀,၀၀၀ ရှာနိုင်ခဲ့ပါတယ်။

ရွာကို လာရောက်ကြည့်ရှုဖို့ အကောင်းဆုံးအချိန်ကသဘာဝပေါက်ပင်တွေအပြည့်အဝပွင့်လန်းတွေနေတဲ့အချိန် နွေရာသီပါ။ အဲဒီရွာကို ရောက်ဖို့က လွယ်တော့မလွယ်ကူပါဘူး။ တရုတ်ပြည်မကြီးနဲ့ Gouqi ကျွန်း ( တံတားတိုတစ်ခုနဲ့ Shengshan ကျွန်းကို ဆယ်သွယ်ထားတဲ့ ကျွန်း) ကြား ကူးတို့သင်္ဘောဝန်ဆောင်မှုတွေက အကန့်အသတ်နဲ့ ပြေးဆွဲပါတယ်။ ရှန်ဟိုင်းမြို့ရဲ့ Shenjiawan Pier ကနေ နေ့တိုင်း နံနက် ၉ နာရီ ၂၅ မိနစ်မှာ ကူးတို့သင်္ဘောတစ်စီးပဲထွက်ခွာပါတယ်။ ကူးတို့သင်္ဘောစီးလိုသူတွေက ရှန်ဟိုင်းနန်ပူတံတားခရီးသွားလာရေးစင်တာကနေ လက်မှတ်ဝယ်ပြီး နံနက် ၇ နာရီ ၁၅ မိနစ်မှာ ဘတ်စ်ကားစီးကာ Shenjiawan Pier ကို သွားရောက်ရပါတယ်။

ဘတ်စ်ကားစီးချိန်က ၁ နာရီခွဲ ခန့်ကြာပြီး ကူးတို့သင်္ဘောစီးချိန်က ၃ နာရီခွဲ ကြာပါတယ်။ ဒေသတွင်းတက္ကစီရနိုင်တဲ့ Gouqi ကျွန်းမှာ ရပ်ပေးမှာဖြစ်ပါတယ်။ နောက်ထပ်ကူးတို့သင်္ဘောက မနက် ၇ နာရီ ၄၅ မိနစ်မှာ Zhoushan Shenjiamen Banshengdong Dock ကနေ Gouqi ကျွန်းကို ထွက်ခွာပါတယ်။ ဒါက အကန့်အသတ်နဲ့ရရှိနိုင်တာကြောင့် လက်မှတ်တွေကို စောစီးစွာ ကြိုတင်မှာယူဖို့ အကြံပြုထားပါတယ်။ ညအိပ်ခရီးသွားဧည့်သည်တွေကတော့ သူတို့ တည်းခိုမယ့်နေရာကနေတဆင့် အသွားအပြန်လက်မှတ်နဲ့တက္ကစီစီးတာကို ကြိုတင်မှာယူလို့ရပါတယ်။

Ref: CNN “China’s forgotten village swallowed by nature”

WL( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top