ကောလိပ်ဝင်ခွင့်စာမေးပွဲ ၁၆ ကြိမ်ဆက်တိုက် ဖြေဆိုခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ခေါင်းအမာဆုံး အမျိုးသား

21.7.2024-yyl-1.png

တရုတ်နိုင်ငံရဲ့ ခေါင်းအမာဆုံး အမျိုးသားလို့ တင်စားခံထားရသူဟာ ဂုဏ်သတင်းကြီးတဲ့ ချင်ဟွာတက္ကသိုလ် ဝင်ခွင့်ရရေးအတွက် အမျိုးသားကောလိပ်စာမေးပွဲကို ၁၆ နှစ်ဆက်တိုက် ဖြေဆိုခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိတဲ့ တန်ရှန်းဂန်ဟာ အလွန်ခက်ခဲတဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲ (Gaokao) ကို ၂၀၀၉ ခုနှစ်ကတည်းက စတင်ဖြေဆိုခဲ့တာပါ။ ရမှတ် ၇၅၀ ပေးတဲ့အနက် ၃၇၂ မှတ်ပဲ ရရှိခဲ့ပြီး ဝင်ခွင့်မရခဲ့ပါဘူး။ သူဟာ အဲဒီအချိန်ကစလို့ ပိုကြိုးစားလေ့လာခဲ့ပြီး နှစ်စဉ်နှစ်တိုင်း ဝင်ခွင့်စာမေးပွဲ ဖြေဆိုခဲ့ရာ ၂၀၁၆ ခုနှစ်မှာတော့ ၆၂၅ မှတ်အထိ ရရှိခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့မွေးရပ်မြေ ကွမ်ရှီးပြည်နယ်မှ တက္ကသိုလ်တော်တော်များများကို ဝင်ခွင့်ရနိုင်တဲ့ အမှတ်ပမာဏဖြစ်ပေမဲ့ သူ မျှော်မှန်းတဲ့ ချင်ဟွာတက္ကသိုလ် ဝင်ခွင့်ရဖို့အတွက်တော့ မပြည့်မီခဲ့ပါဘူး။

၂၀၁၉ ခုနှစ်မှာ တန်ရှန်းဂန်က ၆၄၉ မှတ်အထိ ရရှိခဲ့ပြီး ချင်ဟွာတက္ကသိုလ်အပါအဝင် တရုတ်နိုင်ငံရဲ့ ဂုဏ်သတင်းကြီးတဲ့ တက္ကသိုလ်အများအပြားကို ဝင်ခွင့်ရနိုင်ခဲ့ပေမဲ့ သူ လိုချင်တဲ့ အဓိကဘာသာရပ်တွေဖြစ်တဲ့ ရူပဗေဒနဲ့ ဓာတုဗေဒဘာသာရပ်တွေအတွက်တော့ အမှတ်မမီခဲ့ပါဘူး။ အခြားသူတွေဆိုရင် ဒီလောက်အချိန်အကြာကြီး ကြိုးစားခဲ့ပြီးမှ ဝင်ခွင့်ရတာနဲ့ ဘာသာရပ်ပြောင်းပြီး တက္ကသိုလ်တက်မှာဖြစ်ပေမဲ့ တန်ရှန်းဂန်ကတော့ သူ လိုချင်တဲ့ အဓိကဘာသာရပ်တွေမရလို့ တက္ကသိုလ် မတက်ခဲ့ဘဲ ဝင်ခွင့်ထပ်ဖြေခဲ့ပါတယ်။

နောက်ပိုင်းနှစ်တွေမှာတော့ သူ့ရဲ့ ဝင်ခွင့်ရမှတ်တွေက ပိုနည်းသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာတော့ တန်ရှန်းဂန်က Central China Normal တက္ကသိုလ်မှာပဲ ရူပဗေဒနဲ့ ဓာတုဗေဒ ဘာသာရပ်တွေ သင်ယူဖို့ ဆုံးဖြတ်ခဲ့ပြီး ဝင်ခွင့်ဖြေရာမှာ ရမှတ် ၇၅၀ အနက် ၅၉၄ မှတ် ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဘာသာရပ်တွေဟာ အနည်းဆုံး ၆၀၈ မှတ်ရမှ ဝင်ခွင့်ရမယ့်အတွက် သူ့ရည်မှန်းချက် မပြည့်ခဲ့ပြန်ပါဘူး။

တန်ရှန်းဂန်က ဝင်ခွင့်ဖြေရတာကို စိတ်ပျက်နေခဲ့ပြီး ဝင်ခွင့်ထပ်မဖြေတော့ဘူးလို့ မနှစ်တုန်းက ပြောခဲ့ပေမဲ့ ဒီနှစ်မှာတော့ ၁၆ ကြိမ်မြောက်အဖြစ် ဝင်ခွင့်ထပ်ဖြေခဲ့ပြီး အမှတ် ၆၀၀ ကျော် ရခဲ့ပေမဲ့ ဂုဏ်သတင်းကြီးတဲ့ တက္ကသိုလ်တွေမှာ ရူပဗေဒနဲ့ ဓာတုဗေဒ ဘာသာရပ်တွေအတွက် အမှတ်မမီခဲ့ပါဘူး။ တန်ရှန်းဂန်ဟာ ပြီးခဲ့တဲ့ ၁၆ နှစ်လုံးလုံး ကျပန်းအလုပ် လုပ်ပြီး မိသားစု စားဝတ်နေရေး ရုန်းကန်ရင်းတစ်ဖက်နဲ့ ဝင်ခွင့်စာမေးပွဲတွေ ဖြေဆိုခဲ့တာပါ။

သူ့အနေနဲ့ အသက် ၃၆ နှစ် ရှိနေပြီဖြစ်လို့ သူ ရည်မှန်းချက်အတိုင်း ဝင်ခွင့်ရခဲ့ရင်တောင် အလုပ်ကောင်းကောင်းရနိုင်ဖို့ အခွင့်အလမ်း နည်းပါးသွားပါပြီ။ ဒါပေမဲ့ လာမယ့်နှစ်မှာ ကောလိပ်ဝင်ခွင့် စာမေးပွဲ ထပ်ဖြေမလား၊ မဖြေတော့ဘူးလားဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။

Ref: “China’s Most Stubborn Man” Has Been Trying tp Get into Prestigious University for 16 Years
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top