အော်စကာဆုပေးပွဲမှာ အစီအစဉ်တင်ဆက်သူ ခရစ် ရော့ခ်ရဲ့မျက်နှာကို ရိုက်ခဲ့တဲ့ ဝီလ်စမစ်

26-2-2022-yyl06.jpg

အော်စကာဆုပေးပွဲမှာ အကောင်းဆုံးဇာတ်ဆောင်မင်းသားဆုကို ရရှိခဲ့တဲ့ မင်းသားကြီး ဝီလ်စမစ် (Will Smith) က စင်ပေါ်တက်လာပြီး အစီအစဉ်တင်ဆက်သူ ခရစ် ရော့ခ် (Chris Rock) ရဲ့မျက်နှာကို ရိုက်ခဲ့တယ်လို့ သိရပါတယ်။အသက် ၅၇ နှစ် အရွယ် ဟာသသရုပ်ဆောင် ခရစ် ရော့ခ်က ဆုပေးပွဲအခမ်းအနားမှာ အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆုကို ကြေညာဖို့အတွက် စင်မြင့်ထက်မှာ ရှိနေခဲ့တာပါ။ ဆု မကြေညာခင် သူက စင်မြင့်အောက်မှာ ထိုင်နေတဲ့ နာမည်ကြီးသရုပ်ဆောင်တွေရဲ့မျက်နှာကို ဟာသနှောကာ ပြောဆိုခဲ့ပါတယ်။ ခရစ်က ဝီလ်စမစ်ရဲ့ဇနီးဖြစ်သူ ဂျောဒါ ပင်ကတ် စမစ် (Jada Pinkett-Smith) ရဲ့ကတုံးရိတ်ထားတဲ့ပုံစံကို ဟာသလုပ်ခဲ့တဲ့အတွက် ဝီလ်စမစ်က ခရစ် ရော့ခ်ရဲ့မျက်နှာကို ရိုက်ခဲ့တဲ့ပုံပါပဲ။

ခရစ်က “ဂျေဒါ.. ချစ်တယ်နော် G.I Jane 2၊ အဲဒါကို ကြည့်ရဖို့ မစောင့်နိုင်တော့ဘူး” လို့ပြောခဲ့ပါတယ်။.ဝီလ်စမစ်က အစပိုင်းမှာတော့ ရယ်မောနေခဲ့ပေမဲ့ ဂျေဒါက သဘောမကျသလို ကြည့်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဝီလ်စမစ်က စင်ပေါ်ကို လမ်းလျှောက်လာခဲ့ပြီး ခရစ်ကို ရိုက်ကာ လှည့်ထွက်သွားခဲ့ပါတယ်။ ခရစ်က “အို….ဝိုး.. ဝီလ်စမစ်က ကျွန်တော့်ကို ရိုက်လိုက်တာ” လို့ ပြောခဲ့ပါတယ်။ အဲဒီနောက် ဝီလ်စမစ်က ထိုင်ခုံမှာ ထိုင်နေပြီးတော့ “ငါ့မိန်းမရဲ့နာမည်ကို မင်းပါးစပ်ကနေ ထုတ်ပစ်လိုက်” လို့ အော်ပြောခဲ့ပါတယ်။ “ဝိုး… သူငယ်ချင်း…အဲဒါက G.I. Jane ဟာသတစ်ခုလေ” လို့ ခရစ်က ပြောခဲ့ပါတယ်။ ဝီလ်စမစ်က “ငါ့ဇနီးရဲ့နာမည်ကို မင်းရဲ့ပါးစပ်ကနေ ထုတ်ပစ်လိုက်”လို့ ထပ်ပြောခဲ့ပါတယ်။

ဝီလ်စမစ်ရဲ့သတင်းထုတ်ဝေသူက ဆုပေးပွဲခဏနားချိန် သူ့ဆီသွားခဲ့သလို ဝါရင့်မင်းသားကြီး ဒန်ဇယ် ဝါရှင်တန်ကလည်း သူ့နဲ့သီးသန့်စကားပြောခဲ့တယ်လိုလည်း Variety သတင်းဌာနအရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က ဂျေဒါဟာ ဆံပင်အကွက်လိုက်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်း (alopecia) ကို ရင်ဆိုင်ရပြီးနောက် ကတုံးရိတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ကြေညာခဲ့တာပါ။ အင်စတာဂရမ်ပို့စ်တစ်ခုမှာ “အခုအချိန်မှာတော့ ရယ်ရုံပဲရယ်နိုင်တော့တယ်။ ကျွန်မ alopecia ကို ခံစားနေရတယ်။ ရုတ်တရက်ကြီး တစ်နေ့မှာ အဲဒီလို ဖြစ်လာတာပါပဲ။ အခု ဖုံးကွယ်ထားရတာ နည်းနည်းခက်ခဲလာနေတယ်။ ဒါကြောင့် အခုလိုပြောပြလိုက်ရတာပါ။ အားလုံးပဲ ဘာမေးခွန်းမှ မမေးနဲ့” လို့ ရေးသားခဲ့ပါတယ်။

စင်ပေါ်မှာ ခရစ်နဲ့ စမစ်တို့ ဖြစ်ခဲ့တဲ့ မတော်တဆက ဇာတ်တိုက်ထားတာလား။ မထားဘူးလားဆိုတာ မသေချာဘူးလို့ သိရပါတယ်။ ဝီလ်စမစ်က အကောင်းဆုံးမင်းသားဆုကို လက်ခံပြီး ကျေးဇူးတင်စကာပြောကြားတဲ့အချိန်အတောအတွင်းမှာ The Academy နဲ့ သူ့ရဲ့တွဲဖက်သရုပ်ဆောင်တွေကို တောင်းပန်စကားဆိုခဲ့ပါတယ်။ The Academy က သူ့ကို ပြန်ပြီး ဖိတ်ကြားမယ်လို့လည်း မျှော်လင့်တယ်လို့လည်း ပြောကြားရင်း ကျေးဇူးတင်စကားပြောကြားတာကို အဆုံးသတ်ခဲ့ပါတယ်။

ဝီလ်စမစ်နဲ့ ခရစ်တို့ အော်ကျယ်ဟစ်ကျယ်အငြင်းအခုံဖြစ်ပြီးတဲ့နောက်က ခရစ်က “ကျွန်တော် အဆင်ပြေနေပါတယ်။ ကျွန်တော် ဆက်သွားရမလား။ ဒါက သမိုင်းတစ်လျှောက်မှာ အကြီးအကျယ်ဆုံးညဖြစ်ခဲ့ပါတယ်။ အိုကေ။ ဒါဆို ကျွန်တော်တို့ အကောင်းဆုံးမှတ်တမ်းတင်ရုပ်ရှင်ဆုပေးဖို့ ရောက်နေတာပါ။ အခု မှတ်တမ်းရုပ်ရှင်ရဲ့အလှတရားတွေက မင်း စာအုပ်တစ်အုပ် (သို့) တစ်ခုခုကို ဖတ်လိုက်သလို မင်းကို စမတ်ကျတယ်လို့ ခံစားရစေပမဲ့ မင်း တစ်ကယ်လုပ်ခဲ့တာက အများကြီးရခဲ့တာ။ Netflix ကို ကြည့်တာပါပဲ။ ဒါဆို ကျွန်တော်တို့ ဆန်ကာတင်စာရင်းကြည့်လိုက်ရအောင်” လို့ ပြောကြားခဲ့ပါတယ်။ အဲဒီနောက် အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆုရှင်ကို ကြေညာပေးသွားခဲ့ပါတယ်။

Ref: AsiaOne “Best Actor winner Will Smith hits Chris Rock at Oscars”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top