လက်ထပ်ထားပြီး သမီးလေးလည်း မွေးဖွားပြီဆိုတဲ့သတင်းနဲ့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ တရုတ်မင်းသား

1.2.2023-image-2.jpg

ဇန်နဝါရီ ၃၀ ရက်နေ့က လက်ထပ်လိုက်ပြီး ကလေးလည်း ပိုင်ဆိုင်ရတော့မယ်လို့ ကိုရီးယားမင်းသားဆောင်ဂျွန်ကီ ကြေညာခဲ့သလိုပဲ ဇန်နဝါရီ ၃၁ ရက်နေ့က “မက်မွန်မြေက ချစ်တေးတစ်ပုဒ်” တရုတ်ဇာတ်လမ်းတွဲနဲ့ ကောကျင့် (ကျင့်ကိုကို)အဖြစ် မြန်မာပရိသတ်တွေ သိကြတဲ့ တရုတ်မင်းသား ဟူကီကလည်း သူ လက်ထပ်ထားပြီး သမီးလေးရဲ့အဖေဖြစ်ပြီဆိုတာကို ကြေညာခဲ့ပါတယ်။ “ကျွန်တော် အဖေတစ်ယောက်ဖြစ်ပါပြီ။ မိခင်ရော သမီးလေးရော ဘေးကင်းပါတယ်။ လူတိုင်းအတွက် သတင်းကောင်းပါ”လို့ တရုတ်လူမှုကွန်ယက် Weibo ကနေ အသိပေးခဲ့တာပါ။

အသက် ၄၀ အရွယ် မင်းသားဟူကီရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ဘာသတင်းမှ သေသေချာချာမကြားခဲ့ရတဲ့အတွက် သူ လက်ထပ်ထားတဲ့သတင်းနဲ့ သမီးလေးမွေးဖွားလိုက်တဲ့သတင်းနှစ်ခုလုံးက ပရိသတ်တွေအတွက် အံ့အားသင့်စရာဖြစ်ခဲ့တာပါ။ ၂၀၁၈ ခုနှစ်ကတော့ တရုတ်မင်းသမီး ကျန်လေအန်နဲ့ လက်ထပ်ထားတယ်ဆိုတဲ့ ကောလဟာလသတင်းထွက်ရှိခဲ့ပေမဲ့ နှစ်ယောက်လုံးရဲ့အေဂျင်စီက မြန်မြန်ဆန်ဆန်ပဲ ငြင်းဆန်ခဲ့ပါတယ်။
ဟူကီရဲ့ဇနီးဟာ သရုပ်ဆောင်နယ်ပယ်ကမဟုတ်ဘူးလို့လည်း သိရပါတယ်။ သူ့ဇနီးက ဘယ်သူဆိုတောကိုတော့ ထုတ်ဖော်ပြောကြားထားခြင်းမရှိပါဘူး။

ကလေးကို ချောချောမွေ့မွေ့ မွေးဖွားနိုင်ဖို့အတွက် ဒီသတင်းကောင်းကို မပြောပြခဲ့တာဖြစ်တယ်လို့ သူက ဆိုထားပါတယ်။ “ကလေး ချောချောမွေ့မွေ့မွေးဖွားနိုင်ဖို့အတွက် သတင်းကောင်းကို မကြေညာခဲ့တာပါ။ အားလုံးက ကျွန်တော့်ကို ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်”လို့လည်း ဟူကီက Weibo မှာ ရေးသားခဲ့ပါတယ်။ သူ့ရဲ့အနုပညာသက်တမ်း နှစ် ၂၀ ကျော်လုံး သူ့ကို ဆက်လက်ပံ့ပိုးအားပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ခဲ့ပါတယ်။ သူက “အခု မင်းတို့နဲ့အတူ ကျွန်တော့်ရဲ့နောက်တစ်ဆင့်ကို တက်လှမ်းတော့မှာပါ။ ကျွန်တော့်ကို ပိုအားပေးပြီး နားလည်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်”တဲ့။
ဟူကီ နောက်ဆုံးပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားက ၂၀၂၂ ခုနှစ်ရဲ့ All Ears ဇာတ်ကားဖြစ်ပြီး Blossoms ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ဖို့ ရှိပါတယ်။

Ref: Chinese actor Hu Ge makes surprise announcement about marriage and birth of daughter

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top