အိပ်ရာထဲလဲနေတယ်လို့ သတင်းထွက်ခဲ့တဲ့ ကင်ဂျုံအန်ရဲ့ အစည်းအဝေးပွဲဓာတ်ပုံတွေ ထွက်ပေါ်လာ

26-8-2020-yyl-015.jpg

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ကျန်းမာရေးမကောင်းလို့ အိပ်ရာထဲ လဲနေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက်မှာတော့ ထိပ်တန်းကော်မတီအစည်းအဝေးပွဲကို ကင်ဂျုံအန် တက်ရောက်ခဲ့တဲ့ ဓာတ်ပုံကို မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ တောင်ကိုရီးယားသမ္မတဟောင်း ကင်ဒေးဂျန်ရဲ့ လက်ထောက်အရာရှိဟောင်းက ကင်ဂျုံအန် ကိုမာဖြစ်နေပြီထင်တယ်လို့ ဖေ့ဘွတ်ခ်ပေါ်တွင် ရေးသားခဲ့ပါတယ်။ ဒါ့အပြင် တောင်ကိုရီးယားသူလျှိုအေဂျင်စီတစ်ခုကလည်း ကင်ဂျုံအန်က အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဖိအားသက်သာစေဖို့ ညီမဖြစ်သူ ကင်ယိုဂျုံကို လုပ်ပိုင်ခွင့်တချို့ လွှဲပေးထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့အင်္ဂါနေ့က ကျင်းပခဲ့တဲ့ မြောက်ကိုရီးယားအလုပ်သမားပါတီရဲ့ ထိပ်တန်းကော်မတီ အစည်းအဝေးကို ကင်ဂျုံအန် တက်ရောက်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တွန်းလှန်တိုက်ဖျက်ရေး၊ တိုင်ဖွန်းမုန်တိုင်း အန္တရာယ် တားဆီးကာကွယ်ရေးကိစ္စရပ်တွေကို ညွှန်ကြားခဲ့တယ်လို့ KCNA သတင်းဌာနက ဖော်ပြပါတယ်။

Rodong Sinmun သတင်းစာမှာ ဖော်ပြထားတဲ့ ဓာတ်ပုံတွေအရ ကင်ဂျုံအန်က အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ထိပ်တန်းအရာရှိတွေနဲ့အတူ အစည်းအဝေးကျင်းပနေတာ တွေ့ရပါတယ်။ ဓာတ်ပုံတစ်ပုံမှာတော့ ကင်ဂျုံအန်က ဆေးလိပ်သောက်နေတဲ့ပုံစံမျိုးပါ။ မြောက်ကိုရီးယားနိုင်ငံဟာ ကိုဗစ်-၁၉ ရောဂါ စတင်ကူးစက်ပျံ့နှံ့ရာ တရုတ်နိုင်ငံနှင့် ကူးသန်းဆက်သွယ်မှုရှိပေမဲ့ အတည်ပြုလူနာ တစ်ယောက်မျှ မရှိသေးဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့လက တောင်ကိုရီးယားနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ ပြည်ပြေးက ဗိုင်းရပ်စ်ကူးစက်ခံထားရဖွယ်ရှိတယ်လို့ သတင်းထွက်ခဲ့ပြီးနောက် ကေဆောင်မြို့ကို ပိတ်ဆို့ခဲ့ပါတယ်။ ဒါပေမဲ့ အခုလအစောပိုင်းမှာ ကန့်သတ်မှုစည်းမျဉ်းတွေကို ပြန်ရုပ်သိမ်းပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက မြောက်ကိုရီးယားနိုင်ငံတစ်ဝန်းမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့ပြီး အခုရက်သတ္တပတ်ထဲမှာ တိုင်ဖွန်းမုန်တိုင်း ဘာဗီ ဝင်ရောက်တိုက်ခတ်မှု ကြုံတွေ့မယ်လို့ ခန့်မှန်းထားပါတယ်။

Ref: Bangkok Post ” N. Korea’s Kim issues warning on virus as health speculation swirls”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top