စိတ်ကျရောဂါခံစားနေခဲ့ရတယ်ဆိုတဲ့ တရုတ်မင်းသမီးချော ကျောက်လုစီ

3.1.2025-yyl-2.jpg

ဝှီးချဲနဲ့ ဆေးရုံရဲ့အရေးပေါ်ဌာနကို သွားရောက်ခဲ့တဲ့ တရုတ်မင်းသမီးချော ကျောက်လုစီရဲ့ဓာတ်ပုံတွေ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ လုစီဟာ သူ့ရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး သူ့ရဲ့Weibo အကောင့်မှာ ဇန်နဝါရီ ၁ ရက်နေ့က တုံ့ပြန်ဖြေကြားလာခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ် လုစီဟာ သူဟာ ၂၀၁၉ ခုနှစ်ကတည်းက စိတ်ကျရောဂါခံစားနေခဲ့ရပေမဲ့ အဲ့ဒီအတွက် အကူအညီမတောင်းဖြစ်ခဲ့ဘူးဆိုတာကို အခုလိုပြောလာခဲ့ပါတယ်။

“၂၀၁၉ ခုနှစ်မှာ ကျွန်မ စိတ်ဓာတ်ကျလာခဲ့ပြီး “အမူပိုလွန်းမနေနဲ့’၊ ‘ပိုပြီးပွင့်လင်းရုံပဲပွင့်လင်းပါ’လိုမျိုး မှတ်ချက်တွေ လက်ခံရရှိခဲ့တယ်။ ကျွန်မဟာ ဆင်ခြင်တုံတရားမဲ့လွန်းပြီး အကဲဆတ်လွန်းတယ်လို့ ခံစားခဲ့ရပြီး ကျွန်မရဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို လျစ်လျူရှုခဲ့တယ်”လို့ ဆိုပါတယ်။

အဲ့ဒီနောက် ၂၀၂၁ ခုနှစ်မှာ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကြောင့် အရေပြားဓာတ်မတည့်မှုတွေ စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ ဆေးရုံတစ်ခုမှာ ထပ်ခါထပ်ခါကုသမှုခံယူပြီးနောက် သူ့ရဲ့အခြေအနေမကောင်းမွန်လာတဲ့အခါမှာ သူ့ရဲ့စိုးရိမ်ပူပန်မှုကို ထိန်းချုပ်ဖို့ စိတ်ပညာရှင်နဲ့ တိုင်ပင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာ အဆုတ်ရောင်ရောဂါနဲ့ ညဘက်ချွေးပြန်ခြင်းအပါအဝင် အခြားကျန်းမာရေးအခြေအနေတွေပေါ်လာခဲ့ပါတယ်။ အဲ့ဒါအပြင် မိသားစုဝင်တစ်ယောက်သေဆုံးတာနဲ့ နောက်တစ်ယောက်ကင်ဆာရောဂါဖြစ်တာအပါအဝင် မိသားစုပြဿနာတွေကြောင့်လည်းထိခိုက်ခံစားခဲ့ရပြီး သူ့ရဲ့အခြေအနေကို ဆက်ပြီးလျစ်လျူရှုခဲ့ပါတယ်။

ပျို့အန်တာ၊ မူးဝေတာ၊ အဆစ်အမြစ်ကိုက်ခဲတာနဲ့ မကြာခဏဖြစ်ဖြစ်လာနေတဲ့ဓာတ်မတည့်တာတွေစတဲ့ လက္ခဏာတွေကို သတိပြုမိတဲ့အချိန် ၂၀၂၄ ခုနှစ်မှာ သူ့ရဲ့အခြေအနေ ဆိုးရွားလာခဲ့ပေမဲ့ ဒါတွေက သူ့ရဲ့ဓာတ်မတည့်မှုသောက်ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်ခဲ့တယ်လို့ တွေးထင်ခဲ့တာပါ။

သူ Weibo မှာ တင်ခဲ့တဲ့ပို့စ်မှာ လုစီက ပရိသတ်တွေကို စိတ်ပူစေမိခဲ့တဲ့အတွက် တောင်းပန်ခဲ့ပြီး သူ့ကို အားပေးပံ့ပိုးပေးခဲ့တဲ့သူတွေနဲ့ သူ့အနုပညာကို အားပေးခဲ့တဲ့သူတွေကို ကျေးဇူးတင်ခဲ့ပါတယ်။

အရင်က သရုပ်ဆောင်လူရွေးပွဲမှာ အရွေးမခံရလို့ သူ့ရဲ့အေဂျင်စီက တစ်ဦး (အမည်မဖော်) က သူ့ကို ကိုယ်ထိလက်ရောက်အနိုင်ကျင့်ခဲ့တယ်လို့လည်း လုစီက ဝန်ခံခဲ့ပါတယ်။ သူ့သူငယ်ချင်းလို့ ယူဆရတဲ့ လူမှုကွန်ယက်အသုံးပြုသူတစ်ဦးဟာ အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီး Weibo မှာ တင်ခဲ့ပြီးနောက် အခုလို လုစီက ဝန်ခံလာခဲ့တာပါ။ အဲ့ဒီလူမှုကွန်ယက်အသုံးပြုသူဟာ “တစ်ည လုစီ အိမ်လာတော့ ကျွန်မကိုပြောတယ်…ငါ ဘာလို့အရိုက်ခံရတာလဲမသိဘူး၊ ငါ အရမ်းကြောက်တာပဲ”လို့ ဆိုထားပါတယ်။

အဲ့ဒါနဲ့ပတ်သက်ပြီး ဇန်နဝါရီ ၁ ရက်နေ့မှာ တင်ခဲ့တဲ့ ပို့စ်မှာ လုစီက “ကျွန်မ တစ်စုံတစ်ယောက်ရိုက်တာခံခဲ့ရတယ်။ အဲ့ဒီအချိန်တုန်းက ကျွန်မ ဇာတ်ရုပ်နေရာမရခဲ့လို့ ကျွန်မရဲ့အမှားလို့ ထင်ခဲ့တာ။ ပြဿနာမဖြစ်စေချင်ခဲ့ဘူး။ ကျွန်မ ထွက်ပြေးချင်ခဲ့ရုံပဲ။ ကျွန်မကိုယ့်ကိစ္စကိုယ်ဖြေရှင်းလေ့ရှိပြီး တခြားသူတွေကို အကူအညီတောင်းတဲ့အကျင့်မရှိခဲ့ဘူး”လို့ ဆိုပါတယ်။

“နောင်တဆိုတာ အသုံးမဝင်တဲ့စိတ်ခံစားချက်ပါ။ “နောင်တဆိုတာ အသုံးမဝင်တဲ့ စိတ်ခံစားမှုတစ်ခုပါ။ ဒါဟာ ကျွန်မရဲ့ အတွင်းစိတ်ရဲ့ ဆန့်ကျင်ကွဲလွဲနေတဲ့ အခြေအနေကို လှန်ပစ်ပြီး ကိုယ့်ကိုကိုယ် ပြန်လည်ထူထောင်ဖို့ ‘အထူးအချိန်ကာလတစ်ခု’ ပေးဖို့ အခွင့်အရေးတစ်ခုလို့ ထင်ပါတယ်”လို့ အဆုံးသတ်ရေးသားပြောဆိုသွားခဲ့ပါတယ်။

လုစီဟာ မကြာသေးခင်က အအေးမိဒဏ်ကြောင့် အပြင်းအထန်ဖျားနားပြီး အချိန်မှီဆေးကုသခွင့်မရခဲ့လို့ အဖျားပိုးက အာရုံကြောစနစ်ကို ထိခိုက်စေခဲ့ကာ ယာယီလမ်းမလျှောက်နိုင်၊ စကားမပြောနိုင်ဖြစ်သွားခဲ့ပါတယ်။ အခုတော့ စကားကို ဖြည်းဖြည်းပြောလာနိုင်ပြီး မတ်တပ်ပြန်ရပ်နိုင်ပြီလို့ သိရပါတယ်။

Ref: Chinese actress Zhao Lusi admits to suffering from depression

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top