ဂျက်ဖ် ဘေးဇို့စ်ကို ‌ကျော်ပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့တဲ့ အီလွန်မာ့စ်

8-1-2021-yyl01.jpg

အခုဆိုရင် Space X တည်ထောင်သူလည်းဖြစ်တဲ့၊ Tesla ကုမ္ပဏီရဲ့စီအီးအိုလည်းဖြစ်တဲ့ အီလွန်မာ့စ် (Elon Musk) ဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ပါပြီ။ သူဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့တဲ့ ဂျက်ဖ် ဘေးဇို့စ်ရဲ့နေရာကို ယူလိုက်တာဖြစ်ပါတယ်။ အီလွန်မာ့စ်ရဲ့ကြွယ်ဝချမ်းသာမှုက ဂျက်ဖ် ဘေးဇို့စ်ထက် ဒေါ်လာ (၁.၅) ဘီလျံ သာလွန်ပြီး ဒေါ်လာ ၁၈၈.၅ ဘီလျံရှိနေပြီလို့ မနေ့က the Bloomberg Billionaires Index အရ သိရပါတယ်။

အခုလို အီလွန်မာ့စ်ဟာ ဂျက်ဖ် ဘေးဇို့စ်ကို ကျော်ပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ရတာက Teslaရဲ့ရှယ်ယာဈေး မြင့်တက်သွားခဲ့တာကြောင့်လို့ ပြောရမှာပါ။ Tesla ရဲ့ရှယ်ယာတွေက ၆ ရာခိုင်နှုန်းကျော်လောက် တိုးလာခဲ့ပြီး (၃) နှစ်ကျော်လောက် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့တဲ့ ဂျက်ဖ် ဘေးဇို့စ်ထက်ကျော်သွားခဲ့တာပါ။ Teslaရဲ့ စတော့တန်ဖိုးက ပြီးခဲ့တဲ့နှစ်အစမှာ ဒေါ်လာ ၈၀ ဘီလျံကနေ ယခု ဒေါ်လာ ၇၆၀ ဘီလျံကျော်မြင့်တက်သွားခဲ့ပါတယ်။ Teslaရဲ့ရှယ်ယာဈေးနှုန်းနဲ့ဆက်နွယ်နေတဲ့ အီလွန်မာ့ခ်ရဲ့ကြွယ်ဝချမ်းသာမှုက ပြီးခဲ့တဲ့နှစ်မှာ ဒေါ်လာ ၁၅၀ ဘီလျံကျော် တိုးလာခဲ့တာဖြစ်ပါတယ်။

အီလွန်မာ့ခ်ရဲ့ Tesla ကုမ္ပဏီက အအောင်မြင်ဆုံး အီလက်ထရောနစ်ကားကုမ္ပဏီတွေရဲ့ထိပ်ဆုံးမှာရှိနေပြီး ပြီးခဲ့တဲ့လကလည်း သူ့ရဲ့ကုမ္ပဏီက အခြားနာမည်ကြီးကားထုတ်လုပ်ရေးကုမ္ပဏီ (၇) ခုထက်ပိုပြီး တန်ဖိုးကြီးတယ်လို့ ကြေညာထားပါတယ်။ တွစ်တာမှာ တင်ထားတဲ့ အီလွန်မာ့ခ်က ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး အီလွန်မာ့ခ်ကလည်း “ထူးဆန်းလိုက်တာ” “ကောင်းပြီ…အလုပ်ပြန်လုပ်တော့” ဆိုတဲ့ မှတ်ချက်တွေနဲ့ တုံ့ပြန်ထားပါတယ်။ အီလွန်မာ့ခ်က အာကာသစူးစမ်းလေ့လာမှုတွေ ပြုလုပ်နေပြီး ကမ္ဘာ့အပြင်ဘက်ကို စီးပွားရေးအရ ခရီးသွားနိုင်ဖို့ မျှော်လင့်နေပါတယ်။

အီလွန်မာ့ခ်က နည်းပညာမှာ ထီထွင်ဆန်းသစ်မှုတွေလုပ်ရင်းနဲ့ ဘီလျံချီရနေတာဖြစ်ပြီး ဂျက်ဖ် ဘေးဇို့စ်ကတော့ ကမ္ဘာ့အကျိုးအမြတ်အရဆုံးအွန်လိုင်းဝန်ဆောင်မှုကုမ္ပဏီကို တည်ထောင်ထားတာကနေ ဝင်ငွေတွေရရှိနေတာပါ။ အီလွန်မာ့ခ်က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ဘီလ် ဂိတ် (Bill Gates) ကို ကျော်ပြီး ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့တာပါ။ အခုနှစ်အစမှာတော့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဂျက်ဖ် ဘေးဇို့စ်ကို ကျော်သွားခဲ့ပါပြီ။

Ref: NBC & Ladbible “Elon Musk Overtakes Jeff Bezos To Be The Richest Man In The World”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top