တရုတ်လေတပ်ရဲ့ ဝါဒဖြန့်ဗီဒီယိုမှာ ဟောလိဝုဒ်ဇာတ်ဝင်ခန်းတွေ ခိုးသုံးထားလို့ ဝေဖန်ခံနေရ

23-9-2020-yyl-010.jpg

တရုတ်လေတပ်ရဲ့ ဝါဒဖြန့်ဗီဒီယိုမှတ်တမ်းသစ်မှာ ဟောလိဝုဒ်ရုပ်ရှင်ကားတွေထဲက ဇာတ်ဝင်ခန်းတွေအသုံးပြုထားလို့ ဝေဖန်ခံနေရပါတယ်။ The God of War H-6K Goes on the Attack လို့ ခေါင်းစဉ်ပေးထားတဲ့ ၂ မိနစ်၊ ၁၅ စက္ကန့် ဗီဒီယိုမှတ်တမ်းကို ပြီးခဲ့တဲ့အားလပ်ရက်မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ရဲ့ လေတပ်က Weibo လူမှုကွန်ရက်ပေါ် တင်ခဲ့တာပါ။ အဲဒီဗီဒီယိုထဲမှာ တရုတ်စစ်တပ်က Gods of War လို့ ချစ်စနိုးခေါ်တဲ့ အင်ဂျင် နှစ်လုံးတပ် ဗုံးကြဲလေယာဉ် H-6K ကို အသားပေး ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဝေဟင်ကနေ ဗုံးကြဲတိုက်ခိုက်တဲ့ ပြကွက်တချို့ကတော့ The Hurt Locker ၊ The Rock နဲ့ Transformers: Revenge of the Fallen စတဲ့ ဟောလိဝုဒ်ရုပ်ရှင်ကားတွေကနေ တည်းဖြတ်ရယူထားတာလို့ မျက်စိလျင်တဲ့ လူမှုကွန်ရက်အသုံးပြုသူတွေက ထောက်ပြခဲ့ပါတယ်။ အဲဒီဗီဒီယိုမှတ်တမ်းကို ပြီးခဲ့တဲ့အင်္ဂါနေ့က ဖြုတ်ချခဲ့ပေမဲ့ ဖြုတ်မချခင် ကြည့်ရှုမှုအကြိမ်ရေ သန်းချီရှိခဲ့ပါတယ်။ တရုတ်လေတပ်ရဲ့ ဝါဒဖြန့်ဗီဒီယိုဟာ စိတ်ကူးယဉ်ဆန်တဲ့အပြင် မူရင်းဖန်တီးသူကို အသိအမှတ်ပြု ဖော်ပြခြင်းမရှိဘဲ ခိုးယူထားတာလို့ ဝေဖန်သူတွေက ဆိုပါတယ်။

အဲဒီဗီဒီယိုထဲက ပစ်မှတ်တစ်ခုကတော့ အမေရိကန်နိုင်ငံပိုင် ဂူအမ်ကျွန်းမှာရှိတဲ့ အန်ဒါဆင်လေတပ်အခြေစိုက်စခန်းပုံစံမျိုး ဖြစ်ပါတယ်။ ဂူအမ်ကျွန်းအရှေ့ဖျားမှာရှိတဲ့ အန်ဒါဆင်လေတပ်အခြေစိုက်စခန်းဟာ ပစိဖိတ်သမုဒ္ဒရာထဲမှာရှိတဲ့ အမေရိကန်နိုင်ငံရဲ့ အဓိကစစ်ဘက်အဆောက်အအုံတစ်ခုပါ။ အခုနှစ်အစောပိုင်းအထိ ပစိဖိတ်ဒေသတစ်ဝိုက်မှာ အရေးပေါ်ပစ်မှတ်တွေ ရှိလာရင် တိုက်ခိုက်နိုင်ဖို့အတွက် US B-1 နဲ့ B-52 ဗုံးကြဲလေယာဉ်တွေကို ဂူအမ်ကျွန်းမှာ တစ်လှည့်စီ စခန်းချခဲ့တာပါ။ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ရန်လိုမုန်းတီးမှုတွေရှိလာရင် တရုတ်နိုင်ငံက အန်ဒါဆင်လေတပ်အခြေစိုက်စခန်းကို အဓိကပစ်မှတ်ထားလိမ့်မယ်လို့ တွက်ဆထားကြပါတယ်။ ၂၀၁၇ ခုနှစ်မှာ အမေရိကန်နဲ့ မြောက်ကိုရီးယားနိုင်ငံကြား တင်းမာမှုတွေ မြင့်တက်နေတုန်းကလည်း မြောက်ကိုရီးယားက ဂူအမ်ကျွန်းကို ပစ်ခတ်တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ဖူးပါတယ်။

Ref: CNN “Chinese air force propaganda video appears to use Hollywood movie clips”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top