မတော်တဆဖြစ်ရပ်ကြောင့် သေဆုံးသူတွေထံကနေ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ တရားမဝင် ထုတ်ယူခဲ့တဲ့အတွက် ဆရာဝန်တွေအပါအဝင် လူ ၆ ယောက်ကို တရုတ်နိုင်ငံမှာ ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ ခန္ဓာကိုယ်အစိတ်အပိုင်း တရားဝင်လှူဒါန်းတဲ့ပုံစံမျိုးဖြစ်အောင် ကျန်ရစ်သူမိသားစုတွေကို လှည့်စားခဲ့ကြပါတယ်။ သူတို့ဟာ ၂၀၁၇ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်ကြား ကာလအတွင်း အန်းဟွေးပြည်နယ်ဆေးရုံမှာ လူ ၁၁ ယောက်ထံကနေ အသည်းနဲ့ ကျောက်ကပ်တွေ ထုတ်ယူခဲ့ကြပါတယ်။
ဆေးရုံတွေမှာ ခန္ဓာကိုယ်အစိတ်အပိုင်း ခွဲစိတ်ထုတ်ယူသူအဖြစ် ဆောင်ရွက်နေတဲ့ ထိပ်တန်းဆရာဝန် ၄ ယောက်လည်း မှောင်ခိုဂိုဏ်းမှာ ပါဝင်နေတယ်လို့ ဒေသခံသတင်းတွေမှာ ဖော်ပြထားပါတယ်။ သူတို့အဖွဲ့ဟာ အန်းဟွေးပြည်နယ် ဟွာယွမ်ကောင်တီ ပြည်သူ့ဆေးရုံမှာ ယာဉ်မတော်တဆမှုကြောင့် သေဆုံးရသူတွေ ဒါမှမဟုတ် ဦးနှောက်သွေးယိုစိမ့်လို့ သေဆုံးရသူတွေကို ပစ်မှတ်ထားလေ့ရှိပါတယ်။ ဟွာယွမ်ကောင်တီ ပြည်သူ့ဆေးရုံရဲ့ အထူးကြပ်မတ်ကုသခန်း အကြီးအကဲ ယန်ဆူဇန်က လူနာရဲ့မိသားစုဝင်တွေကို ချဉ်းကပ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်း လှူဒါန်းဖို့ ဆန္ဒရှိ၊ မရှိ မေးမြန်းတတ်ပါတယ်။ မိသားစုဝင်တွေက သဘောတူရင် သူတို့ကို စာရွက်ပေါ်မှာ လက်မှတ်ထိုးခိုင်းလေ့ရှိပါတယ်။ ဒါပေမဲ့ အဲဒီစာရွက်တွေက အတုတွေပါ။
ညဉ့်သန်းခေါင်ယံအချိန်ရောက်ရင် သေဆုံးသူအလောင်းကို ဆေးရုံကနေ ခိုးထုတ်ပြီး အရေးပေါ်လူနာတင်ကားပုံစံ ပြင်ဆင်ထားတဲ့ ဗန်ကားပေါ်မှာ ဆရာဝန်တွေက ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ထုတ်ယူလေ့ရှိပါတယ်။ ပြီးရင်တော့ အဲဒီကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို မှောင်ခိုဂိုဏ်းက လျှို့ဝှက်ဆက်သွယ်ထားတဲ့ ဆေးရုံတွေ၊ တခြားလူနာရှင်တွေဆီကို ရောင်းစားလေ့ရှိပါတယ်။
နောက်ဆုံးမှာတော့ ခန္ဓာကိုယ်လှူဒါန်းဖို့ သဘောတူညီခဲ့တဲ့ သေဆုံးသူအမျိုးသမီးတစ်ယောက်ရဲ့သားက သူတို့လုပ်ရပ်တွေကို သံသယရှိပြီး ပြန်လည်စစ်ဆေးကြည့်ခဲ့ပါတယ်။
သဘောတူလက်မှတ် ရေးထိုးထားတဲ့ ဖောင်မှာ ကွက်လပ်တွေ တွေ့ရပြီး သူ့အမေရဲ့ ခန္ဓာကိုယ်လှူဒါန်းမှုကို ပြည်နယ်အာဏာပိုင်တွေရော၊ တရုတ်နိုင်ငံ ခန္ဓာကိုယ်လှူဒါန်းမှုအုပ်ချုပ်ရေးစင်တာမှာပါ မှတ်တမ်းတင်မထားတာကို ရှီကျင်းလင်က တွေ့ရှိခဲ့ပါတယ်။ အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ယန်ဆူဇန်ကို မေးမြန်းချိန်မှာ ” ဘယ်သူ့ကိုမှ ဒီအကြောင်းမပြောရင် ငွေအများကြီးပေးမယ်လို့ ကမ်းလှမ်းခဲ့ကြောင်း” ရှီကျင်းလင်က ပြောပါတယ်။ ရှီကျင်းလင်က အာဏာပိုင်တွေကို အကြောင်းကြားချိန်မှာ ခန္ဓာကိုယ်အစိတ်အပိုင်းမှောင်ခိုဂိုဏ်းရဲ့ လူ ၆ ယောက်ကို ဖမ်းဆီးခဲ့ပြီး ပြီးခဲ့တဲ့ဇူလိုင်လက ထောင်ဒဏ်ချမှတ်ခဲ့တာပါ။ ဒါပေမဲ့ ရှီကျင်းလင်က ဒေသခံမီဒီယာတစ်ခုကို ဒီအကြောင်း ဖွင့်ပြောချိန်မှသာ လူသိရှင်ကြား ဖြစ်လာခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်တွေအတွင်း ခန္ဓာကိုယ်အစိတ်အပိုင်း တောင်းဆိုမှု မြင့်မားနေတာကို ကူညီဖြေရှင်းပေးနိုင်ဖို့အတွက် တရုတ်နိုင်ငံက ကွပ်မျက်ခံရတဲ့ အကျဉ်းသားတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ထုတ်ယူခဲ့ပြီး ဒီလုပ်ရပ်ကို နိုင်ငံတကာက ဝေဖန်ခဲ့ကြပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ တရုတ်နိုင်ငံက ဒီလုပ်ရပ်ကို တရားဝင်ရပ်တန့်ခဲ့ပါတယ်။ အခုချိန်မှာတော့ တရုတ်နိုင်ငံဟာ အမျိုးသားခန္ဓာကိုယ်အစိတ်အပိုင်းဘဏ်ထံ လာရောက်လှူဒါန်းမှုတွေကိုပဲ မှီခိုအားထားနေရပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း တရုတ်နိုင်ငံမှာ ခန္ဓာကိုယ် အစိတ်အပိုင်းလှူဒါန်းမှု မြင့်တက်လာပေမဲ့ လူတစ်သန်းမှာ လှူဒါန်းမှု ၄.၄ ခုနှုန်းပဲ ရှိပြီး စပိန်နိုင်ငံမှာ လူတစ်သန်းကို လှူဒါန်းမှု ၄၉ ခုနှုန်းနဲ့ နှိုင်းယှဉ်ရင် တော်တော်နည်းပါသေးတယ်။
Ref: BBC ” Chinese doctors jailed for illegal organ harvesting”
Nz ( ရိုးရာလေး)