တပ်မတော်နဲ့ AA အခြေအနေက ပိုပြီးကောင်းလာနိုင်ဖို့ မျှော်လင့်တယ်လို့ဆို

27-11-2020-yyl-012.jpg

ရန်ကုန် နိုဝင်ဘာ ၂၇
ရွေးကောက်ပွဲကာလနဲ့ ထုတ်ပြန်ချက်တွေကို နှစ်ဖက်စလုံးက အသီးသီးထုတ်ပြန်ပြီးနောက်ပိုင်းကာလမှာ တပ်မတော်နဲ့ AA တို့ရဲ့ ထိတွေ့တိုက်ပွဲတွေဟာ ဒီနေ့အထိ မရှိသလောက်လျော့နည်းသွားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

”ကောင်းတဲ့အခြေအနေလို့ မြင်ပါတယ်။ ဒီလိုမျိုးအခြေအနေမျိုးထိလုပ်နိုင်တာမျိုး မရှိခဲ့ဖူးပါဘူး။ ဒီအခြေအနေဟာ နည်းတဲ့အဆင့်မဟုတ်ပါဘူး။ နှစ်ဖက်လိုက်နာဆောင်ရွက်မှုလည်း ကောင်းလို့ဖြစ်ပါတယ်။ ဒီကနေတစ်ဆင့် ပိုပြီးကောင်းလာနိုင်တယ်လို့ မျှော်လင့်ပါတယ်”လို့ သူက ပြောပါတယ်။

အခုလိုအခြေအနေကနေ ယုံကြည်မှုတည်ဆောက်တာ၊ တစ်ဖက်နဲ့ တစ်ဖက် စောင့်ထိန်းရင်းနဲ့ ယုံကြည်မှု ခိုင်မာစေတာ၊ ဒေသခံပြည်သူတွေကလည်း လက်ရှိအခြေအနေကို ဆက်လက်စောင့်ထိန်းဖို့ အားပေးတာတွေနဲ့ ငြိမ်းချမ်းရေး တိုးတက်ခိုင်မာမှုရရှိစေဖို့ မျှော်လင့်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

”ရွေးကောက်ပွဲကာလမှာ ထိတွေ့တိုက်ပွဲတွေ မရှိခဲ့ဘူး။ နိုဝင်ဘာ ၉ ရက်နေ့ တစ်ရက်ပဲ။ ပလက်ဝရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့(တော်တော်ဝေးပါတယ်) နယ်စပ်စခန်းနေရာတစ်ခုကို အဝေးကနေ လက်နက်ငယ်နဲ့ လာပစ်တဲ့ ဖြစ်စဥ◌်တစ်ခုပဲရှိပါတယ်”လို့ သူက ပြောပါတယ်။

တပ်မတော်အနေနဲ့ မြို့ရွာလုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေးလုံခြုံရေး၊ ပြည်သူလူထုလုံခြုံရေးကို အဓိကထား ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ဒါတွေကို မထိပါးဘူးဆိုရင် ထိတွေ့တိုက်ပွဲတွေ ထပ်ဖြစ်စရာအကြောင်းမရှိဘူးလို့ လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

”တပ်မတော်နဲ့ AA အဖွဲ့ကြားမှာ တိုက်ရိုက်ညှိနှိုင်းမှုတော့မရှိဘူး။ ဒါပေမဲ့ ဆက်သွယ်ဆောင်ရွက်သင့်တဲ့၊ ဆက်သွယ်ဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းတွေ(တစ်ဖွဲ့ချင်း၊ အများအပြား)၊ လူပုဂ္ဂိုလ်တွေ(တစ်ဦးချင်း၊ အများအပြား) ဆီကနေတစ်ဆင့် ဆက်သွယ်ညှိနှိုင်းမှုတွေရှိတယ်”လို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုမရှိတာ ရက် ၂၀ ကျော်သွားပြီဖြစ်ပြီးတော့ အခုဖြစ်ပေါ်တိုးတက် နေတဲ့အခြေအနေတွေကနေတစ်ဆင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ ငြိမ်းချမ်းရေးဖြစ်စဥ◌်တိုးတက်ရေးကိုပဲ မျှော်လင့်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်မတော်ရဲ့သဘောထားကို ပြောပါတယ်

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top