မှတ်ဉာဏ်ထဲက ဇာတိမြေ အိမ်ပတ်ဝန်းကျင်ပုံသဏ္ဍာန်ကို ရေးဆွဲရာကနေ နှစ် ၃၀ ဝေးကွာနေတဲ့ အမေအရင်းနဲ့ ပြန်ဆုံခွင့်ရခဲ့

4-2-2022-yyl02.jpg

ကလေးဘဝကတည်းက ပြန်ပေးဆွဲခံရသူတစ်ယောက်ဟာ မှတ်ဉာဏ်ထဲ ပေါ်လာတဲ့ ဇာတိမြေ အိမ်ပတ်ဝန်းကျင်ပုံသဏ္ဍာန်ကို ရေးဆွဲပြီး အွန်လိုင်းပေါ် အကူအညီတောင်းချိန်မှာ နှစ် ၃၀ ကျော် ဝေးကွာနေတဲ့ သူ့ရဲ့မွေးမိခင်နဲ့ ပြန်ဆုံစည်းခွင့် ရခဲ့ပါတယ်။

၁၉၈၉ ခုနှစ်က ယူနန်ပြည်နယ် ကျောင်းတုန်းမြို့မှာ နေထိုင်တဲ့ ၄ နှစ်သား လီကျင်းဝေကို အိမ်နီးနားချင်းတစ်ယောက်က ဖြားယောင်းခေါ်ဆောင်သွားပြီး လူကုန်ကူးတဲ့ဂိုဏ်းထံ ရောင်းစားပစ်ခဲ့တာပါ။ လူကုန်ကူးတဲ့ဂိုဏ်းက သူ့ကို ကီလိုမီတာ ၁၈၀၀ ကျော် ကွာဝေးတဲ့နေရာက မိသားစုထံ ရောင်းခဲ့ပါတယ်။ လီကျင်းဝေက မွေးစားမိဘတွေကို သူ့ဇာတိမြေအကြောင်း မေးမြန်းခဲ့ပေမဲ့ မသိခဲ့ရသလို DNA ဒေတာတွေနဲ့ တိုက်စစ်ကြည့်တော့လည်း မထူးခြားခဲ့ပါဘူး။

အဲဒီနောက်မှာ လီကျင်းဝေက သူ့ရဲ့ဇာတိမြေဖြစ်တဲ့ ရွာငယ်လေးရဲ့ ပုံရိပ်ကို ပြန်စဉ်းစားမိသလောက် ပုံဆွဲပြီး ဗီဒီယိုတွေ ဝေမျှတဲ့ Douyin app ပေါ် တင်ခဲ့ပါတယ်။ ” ကျွန်တော်က ကိုယ့်အိမ်ကို ရှာနေတဲ့ ကလေးတစ်ယောက်ပါ။ ၄ နှစ်သားအရွယ်မှာ ထိပ်ပြောင်တဲ့ အိမ်နီးချင်းဦးလေးကြီးက ကျွန်တော့်ကို ခေါ်လာတာပါ။ ဒီပုံလေးကတော့ ကျွန်တော် မှတ်မိနေတဲ့ ကျွန်တော့်အိမ် ပတ်ဝန်းကျင်အနေအထားပါ” လို့ ရေးသားခဲ့ပါတယ်။ အဲဒီပုံထဲမှာ စာသင်ကျောင်း၊ ဝါးရုံတောနဲ့ ရေကန်ငယ်လေး ရှိနေပုံပေါ်ပါတယ်။

အဲဒီပုံသဏ္ဍာန်ရှိတဲ့ တည်နေရာကို ရဲတပ်ဖွဲ့က ရှာဖွေခဲ့ပြီး သားပျောက်ရှာနေတဲ့ အမျိုးသမီးကြီးတစ်ယောက်ကိုလည်း တွေ့ရှိခဲ့ပါတယ်။ အဲဒီအမျိုးသမီးကြီးကို DNA စစ်ဆေးကြည့်ချိန်မှာတော့ လီကျင်းဝေရဲ့ အမေ ဖြစ်နေတာပါ။ ပြီးခဲ့တဲ့ စနေနေ့မှာတော့ သူတို့သားအမိတွေ ယူနန်ပြည်နယ်မှာ ပြန်ဆုံခဲ့ကြပါတယ်။ လီကျင်းဝေက သူ့အမေရဲ့ နှာခေါင်းစည်းကို ချွတ်ကြည့်လိုက်ချိန်မှာ သူ့အမေကို ဖက်ငိုခဲ့ပါတယ်။

သားယောကျ်ားလေးကို တန်ဖိုးထားလွန်းတဲ့ တရုတ်နိုင်ငံမှာ ကလေးပြန်ပေးဆွဲမှုတွေ ဖြစ်လေ့ရှိပြီး ကလေးငယ်တွေကို တခြားမိသားစုတွေထံ ရောင်းစားကြတာပါ။ ၂၀၁၅ ခုနှစ်က တွက်ချက်ခန့်မှန်းမှုအရ တရုတ်နိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း ကလေးငယ် ၂၀၀၀၀ ပြန်ပေးဆွဲခံရတယ်လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ်အတွင်း လူငယ်တော်တော်များများဟာ နှစ်ရှည်လများ ကွဲကွာနေတဲ့ သူတို့ရဲ့မိဘအရင်းတွေနဲ့ ပြန်လည်ဆုံစည်းခဲ့ကြပါတယ်။

Ref: BBC “Map drawn from memory helps reunite kidnapped Chinese man with family”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top