၂၀၂၈ ခုနှစ်မှာ တရုတ်နိုင်ငံက အမေရိကန်ကို ကျော်ပြီး ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာမယ်လို့ ဆို

28-12-2020-yyl03.jpg

တရုတ်နိုင်ငံဟာ မူလခန့်မှန်းထားတာထက် ၅ နှစ်ပိုစောပြီး ၂၀၂၈ ခုနှစ်မှာ အမေရိကန်ရဲ့ ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို လွှဲပြောင်းရယူနိုင်လိမ့်မယ်လို့ အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကို နိုင်နိုင်နင်းနင်း စီမံခန့်ခွဲနိုင်ခဲ့လို့ လာမယ့်နှစ်တွေမှာ အမေရိကန်၊ ဥရောပနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် တိုးတက်မှုနှုန်း ပိုအားကောင်းလိမ့်မယ်လို့ ဗြိတိန်နိုင်ငံအခြေစိုက် စီးပွားရေးနဲ့ လုပ်ငန်းသုတေသနစင်တာ Centre for Economics and Business Research (CEBR) က ထုတ်ပြန်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံကတော့ ၂၀၃၀ ပြည့်နှစ်မှာ ကမ္ဘာ့တတိယ စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။ CEBR ဟာ နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလ ၂၆ ရက်မှာ သူတို့ သုတေသနလုပ်ထားတဲ့ စီးပွားရေးအမှတ်ပေးဇယားကို ထုတ်ပြန်လေ့ရှိပါတယ်။

တရုတ်နိုင်ငံဟာ ကိုဗစ်-၁၉ ရောဂါဒဏ်ကို အရင်ဆုံး ခံစားခဲ့ရပေမဲ့ အချိန်မဆိုင်းဘဲ တင်းကျပ်တဲ့ စည်းမျဉ်းတွေ ထုတ်ပြန်ပြီး ထိန်းချုပ်နိုင်ခဲ့လို့ ဥရောပနိုင်ငံတွေလို စီးပွားရေးထိခိုက်စေတဲ့ ပိတ်ဆို့မှုတွေ ထပ်ဖန်တလဲလဲ မလုပ်ခဲ့ရပါဘူး။ ဒါကြောင့် တခြားစီးပွားရေးအင်အားကြီးနိုင်ငံတွေလို ၂၀၂၀ ပြည့်နှစ်မှာ စီးပွားရေးကျဆင်းမှု မကြုံခဲ့ဘဲ စီးပွားရေးတိုးတက်မှု ၂ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးဖြစ်တဲ့ အမေရိကန်နိုင်ငံကတော့ ကိုဗစ်-၁၉ ရောဂါဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရပြီး ကူးစက်ခံရသူ ၁၈.၅ သန်း၊ သေဆုံးသူ ၃၃၀၀၀၀ ကျော် ရှိခဲ့ပါတယ်။
” အမေရိကန်နိုင်ငံနဲ့ တရုတ်နိုင်ငံကြား စီးပွားရေးအားပြိုင်မှု၊ Soft Power အားပြိုင်မှုတွေက ကမ္ဘာ့စီးပွားရေးရဲ့ အဓိကအကြောင်းအရာဖြစ်ခဲ့တာ အချိန်တော်တော်ကြာပါပြီ။ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် စီးပွားရေးအကျပ်အတည်းကြောင့် ဒီအားပြိုင်မှုမှာ တရုတ်နိုင်ငံက အားသာတယ်ဆိုတာ ဖော်ပြနေပါတယ်”လို့ CEBR ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီအစီရင်ခံစာအရ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးဟာ ကပ်ရောဂါအလွန်ဖြစ်တဲ့ ၂၀၂၁ ခုနှစ်မှာ အရှိန်အဟုန် ကောင်းကောင်း နလန်ထူလာမှာဖြစ်ပြီး ၂၀၂၂ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ ၁.၉ ရာခိုင်နှုန်း တိုးတက်မယ်၊ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ တိုးတက်မှု ၁.၆ ရာခိုင်နှုန်းပဲ ရှိမယ်လို့ ဖော်ပြပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေးကတော့ ၂၀၂၅ ခုနှစ်အထိ ၅.၇ ရာခိုင်နှုန်း တိုးတက်သွားမှာဖြစ်ပြီး ၂၀၂၆ ခုနှစ်ကနေ ၂၀၃၀ ပြည့်နှစ်ကြားမှာ ၄.၅ ရာခိုင်နှုန်း တိုးတက်မယ်လို့ ခန့်မှန်းထားပါတယ်။

Ref: BBC ” Chinese economy to overtake US ‘by 2028’ due to Covid”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top