အသက် ၁၉ နှစ်နဲ့ ဉပဒေဘွဲ့ရတော့မယ့် အာဖရိကန်-အမေရိကန်ကပြားမလေး

6-5-2022-yyl18.jpg

မကြာခင် ဟာလေး တေလာ ဆာချ်လစ်ဇ် (Haley Taylor Schlitz) ဆိုတဲ့ ဉပဒေကျောင်းသူလေးဟာ အမှုသည်တွေအတွက် အမှုလိုက်ပေးနိုင်တော့မှာဖြစ်ပါတယ်။ အသက် ၁၉ နှစ်အရွယ်မှာ ဟာလေးက ဉပဒေကျောင်းကနေ ဘွဲ့ရတဲ့ အသက်အငယ်ဆုံးအာဖရိကန်-အမေရိကန်လူမျိုးဖြစ်လာတော့မှာပါ။ အသက် ၁၆ နှစ်အရွယ်တုန်းက နိုင်ငံတစ်ဝှမ်းက ဉပဒေကျောင်း (၉) ကျောင်းကနေ ဝင်ခွင့်လက်ခံရရှိခဲ့ပေမဲ့ Southern Methodist Universityရဲ့ Dedman School of Law ကို တက်ရောက်ဖို့ ရွေးချယ်ခဲ့ပါတယ်။

ဟာလေးက မေလ ၁၃ ရက်နေ့မှာ ဘွဲ့ရရှိတော့ဖြစ်ပါတယ်။ အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းအတွက် ပညာရေးမူဝါဒဆိုင်ရာကိစ္စရပ်တွေ လုပ်ဆောင်ပေးဖို့နဲ့ ထူးချွန်တဲ့ လူမည်းမိန်းကလေးတွေ၊ ကျောင်းသူတွေအတွက် အခွင့်အလမ်းတွေရနိုင်မယ့် နည်းလမ်းတွေ ရှာဖွေပေးဖို့ မျှော်လင့်ထားပါတယ်။

ဟာလေး ဉပဒေကျောင်းတက်ရဖို့က အဆင်ပြေချောမွေ့ခဲ့တာတော့မဟုတ်ပါဘူး။ (၅) တန်းနှစ်မှာ သူ့ရဲ့အမြင့်ဆုံးရမှတ်တွေက တစ်စတစ်စလျော့နည်းလာခဲ့တယ်။ အဲဒီအခါ သူ့မိဘတွေက သိပြီး အချိန်တိုအတွင်း သူ့သမီးရဲ့ရမှတ်တွေ ပြောင်းလဲလာဖို့အတွက် ကျောင်းကို သွားရောက်ခဲ့တယ်။ သူ့ရဲ့အမေက ဟာလေးဟာ ပျင်းရိပြီး အဆင့်မြင့်ဘာသာရပ်ဆိုင်ရာသင်တန်းတွေ ပိုလိုအပ်တယ်လို့ ကျောင်းကို အကြံပြုတော့ ကျောင်းအုပ်ချုပ်ရေးပိုင်းက သဘောမတူခဲ့ဘူး။ ကျောင်းရဲ့တုံ့ပြန်မှုကို စိတ်ပျက်သွားတဲ့ သူ့မိဘတွေက ဟာလေးကို အိမ်မှာပဲ ကျောင်းစာသင်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်။

ဟာလေးက နောက်တစ်တန်းတက်နိုင်ဖို့အတွက် နှစ်ကုန်စာမေးပွဲအောင်ဖို့ စာတွေသင်ကြားခဲ့ရတယ်။ သူက အစိုးရကျောင်းတွေမှာ ပညာရေးထူးချွန်ပရိုဂရမ်တွေ ဝင်ရောက်ဖြေဆိုခွင့်လည်းမရခဲ့ဘူး။ မိဘတွေက သူ့ရဲ့ပညာရေးနဲ့ပတ်သက်ပြီး သီးသန့်စစ်ဆေးခဲ့ကာ ပါရမီရှိပြီး ထူးချွန်တယ်ဆိုတာကို သိသွားခဲ့တယ်။

“ကျွန်မတို့နိုင်ငံရဲ့ပင်ကိုစွမ်းရည်ပြတဲ့ပရိုဂရမ်တွေမှာ လူမည်းမိန်းကလေးတွေ၊ ကျောင်းသူတော်တော်များများ ပါဝင်ခွင့်မရကြဘူး။ လူ့ဘောင်အဖွဲ့အစည်းက ရောဂါတွေကို ကုသပေးတဲ့ အလားအလာရှိတဲ့ သိပ္ပံပညာရှင်၊ နောက်ထပ် Amazon ကို စတင်မယ့် စွန့်ဉီးတီထွင်သူနဲ့ ဒီထက်အများကြီးကို ဆုံးရှုံးသွားရပါလိမ့်မယ်။ ဒါတွေအားလုံးက သူတို့ရဲ့ယောကျ်ား၊မိန်းမဖြစ်တည်မှုနဲ့ အသားအရောင်တွေကြောင့်ပါ”လို့ ဟာလေးက ပြောပါတယ်။

ဟာလေးက အသက် ၁၃ နှစ်အရွယ်မှာ အထက်တန်းကျောင်းပြီးခဲ့ပါတယ်။ အသက် ၁၆ နှစ်မှာ Texas Woman’s University ကနေ ဘွဲ့ရခဲ့ပြီး ဉပဒေကျောင်းကို တက်ရောက်ခဲ့ပါတယ်။ အစကတော့ ဟာလေးက ဆရာဝန်တစ်ယောက်ဖြစ်ချင်ခဲ့တာပါ။ နောက်ပိုင်းမှာ သူကိုယ်တိုင်ကလည်း ပင်ကိုယ်စွမ်းရည်ပရိုဂရမ်တွေမှာ ဝင်ခွင့်မရဘဲ အသားအရောင်ခွဲခြားမှုကို ကြုံတွေ့ခဲ့ရတဲ့လူတစ်ယောက်ဖြစ်တာကြောင့် တန်းတူမညီမျှမှုကို တိုက်ဖျက်ချင်ခဲ့တယ်ဆိုတာ နားလည်သဘောပေါက်ခဲ့ပါတယ်။

တစ်နှစ်အကြာ ၂၀၂၀ခုနှစ် ဇွန်လမှာ ဟာလေးက Democratic National Convention အတွက် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ဖို့ ရွေးကောက်ခံခဲ့ရပါတယ်။ အသက် ၁၇ နှစ်မှာ DNC ရဲ့အသက်အငယ်ဆုံးကိုယ်စားလှယ်ဖြစ်ခဲ့ပါတယ်။

Ref: CBSNews “19-year-old could become the youngest African American law school graduate”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top