တစ်ခါသားမှာ တရုတ်လယ်သမားတစ်ယောက် ခြံထဲကနေ မြင်းတစ်ကောင် လွတ်ထွက်သွားတယ်။ ဒီသတင်း ပျံ့သွားတော့ အိမ်နီးချင်းတွေ ရောက်လာကြပြီး တစ်ယောက်တစ်မျိုး ပြောကြတာပေါ့။ အများစုက ” ဒီကိစ္စ တော်တော်ဆိုးတာပဲ’လို့ ဆိုကြပေမဲ့ လယ်သမားကတော့ ” ထင်ရတာပဲ”လို့ မယုတ်မလွန် ဖြေတယ်။
နောက်နေ့ကျတော့ ထွက်ပြေးသွားတဲ့ မြင်းက အိမ်ပြန်ရောက်လာတယ်။ အဲဒီမြင်းနဲ့အတူ မြင်းရိုင်း ၇ ကောင်ပါ ပါလာတယ်။ ဒီတော့ အိမ်နီးချင်းတွေ ရောက်လာကြပြီး ” ကောင်းလိုက်တာကွာ၊ ပွတာပဲဟေ့”လို့ ပြောကြတာပေါ့။ လယ်သမားကတော့ ”ထင်ရတာပဲ”တဲ့။
အဲဒီနေ့ပဲ လယ်သမားရဲ့သားက မြင်းရိုင်းတစ်ကောင်ကို ယဉ်ပါးလာအောင် သင်ပေးနေရင်း မြင်းပေါ်က ပြုတ်ကျလို့ ခြေထောက်ကျိုးသွားတယ်။ အိမ်နီးချင်းတွေကတော့ ” ဒုက္ခပါပဲဟယ်။ တော်တော်ဆိုးတာပဲ”လို့ ပြောကြပြန်တယ်။
နောက်နေ့ကျတော့ စစ်သားတွေ ရောက်လာပြီး လူငယ်တွေကို စစ်မှုထမ်းဖို့ လာခေါ်တယ်။ ဒါပေမဲ့ ခြေထောက်ကျိုးနေတဲ့ လယ်သမားသားကိုတော့ ခေါ်မသွားဘူး။ စစ်သားတွေ ပြန်သွားတော့ လယ်သမားအိမ်ကို အိမ်နီးချင်းတွေ ရောက်လာပြီး ” ဘယ်ရွေ့ဘယ်ပုံ ကံကောင်းကြကြောင်း” လာပြောပြန်တယ်။ လယ်သမားကတော့ သူ့ဝသီအတိုင်း ” ထင်ရတာပါပဲ”တဲ့။
ဒါကတော့ ဇင်ပုံပြင်လေး တစ်ပုဒ်ပါ။ အဖြစ်အပျက်ကိစ္စတွေကို ကံကောင်းတယ်၊ ကံဆိုးတယ်ဆိုပြီး တဒင်္ဂ သတ်မှတ်ကြတဲ့အပေါ် ထောက်ပြထားပါတယ်။ သေချာရေရာခြင်း မရှိတဲ့ ဘဝထဲမှာ အဆိုး၊ အကောင်း ရောပြွန်းနေတာဖြစ်လို့ အဆိုးထဲက အကောင်း၊ အကောင်းထဲက အဆိုးကို ကြည့်တတ်၊ မြင်တတ်ဖို့၊ လောကဓံ အကောင်း၊ အဆိုးကို မတုန်လှုပ်သော စိတ်ထားနဲ့ ရင်ဆိုင်ဖို့ သတိပေးထားတာ ဖြစ်ပါတယ်။
Ref: Chinese Farmer Story
NZ ( ရိုးရာလေး)