တရုတ်သိပ္ပံပညာရှင်တွေက ကိုရိုနာဗိုင်းရပ်စ်ရဲ့မျိုးကွဲဗိုင်းရပ်စ်ကို ကြွက်တွေမှာ ထိုးသွင်းစမ်းသပ်ခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ကြွက်အားလုံး သေဆုံး

26.1.24-yyl-၁၄.jpg

ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲဗိုင်းရပ်စ်တစ်မျိုးကို ကြွက်တွေမှာ စမ်းသပ်ခဲ့တဲ့ တရုတ်သိပ္ပံပညာရှင်တွေရဲ့ လုပ်ရပ်က သိပ္ပံအဖွဲ့အစည်းမှာ အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုး စတင်ခဲ့တဲ့ ဇစ်မြစ်ကို တိတိကျကျ မသိရသေးပေမဲ့ တရုတ်နိုင်ငံရဲ့ ဓာတ်ခွဲခန်းကနေ ထွက်ပေါ်လာခဲ့တယ်ဆိုတဲ့ ထင်မြင်ချက်တွေ ရှိခဲ့ပြီး အခုစမ်းသပ်မှုကြောင့် အဲဒီထင်မြင်ချက်တွေ တစ်ကျော့ပြန် ကျယ်လောင်လာခဲ့ပါတယ်။

တရုတ်သိပ္ပံပညာရှင်တွေဟာ လူရဲ့မျိုးဗီဇနဲ့တူအောင် မျိုးဗီဇ ပြင်ဆင်ထားတဲ့ ကြွက်တွေကို GX_P2V ဗိုင်းရပ်စ် ထိုးသွင်းစမ်းသပ်ရာမှာ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ကြွက်အားလုံး သေဆုံးခဲ့တာ တွေ့ရပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်ခင် ၃ နှစ်အလိုက (၂၀၁၇ ခုနှစ်) မလေးရှားနိုင်ငံမှ သင်းခွေချပ်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲဗိုင်းရပ်စ်ဖြစ်တဲ့ GX_P2V ဗိုင်းရပ်စ်ကို တွေ့ရှိခဲ့တာပါ။

အခုစမ်းသပ်မှုမှာ ဗိုင်းရပ်စ် ထိုးသွင်းခံရတဲ့ ကြွက်အားလုံးဟာ အားအင်ချိနဲ့ခြင်း၊ ခန္ဓာကိုယ် အလေးချိန် ကျဆင်းခြင်း၊ လေးလံထိုင်းမှိုင်းခြင်း၊ ကိုယ်ဟန်အနေအထား ယိုယွင်းခြင်း စတဲ့ လက္ခဏာတွေ ခံစားရကာ ၈ ရက်အတွင်း သေဆုံးခဲ့တယ်လို့ သုတေသနမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒါဟာ (အလားတူ စမ်းသပ်မှုတွေအနက်) ဗိုင်းရပ်စ် ထိုးသွင်းခံရတဲ့ ကြွက်အားလုံး သေဆုံးတဲ့ ပထမဆုံး စမ်းသပ်မှုလည်း ဖြစ်ပါတယ်။

GX_P2V ဗိုင်းရပ်စ်က ကြွက်တွေရဲ့ အဆုတ်၊ အရိုး၊ မျက်လုံး၊ လေပြွန်၊ ဦးနှောက်တွေကို ကူးစက်ပျံ့နှံ့သွားပြီး မသေခင်တစ်ရက်အလိုမှာ ကြွက်တွေရဲ့ မျက်လုံးတွေ လုံးဝဖြူဖွေးသွားတယ်လို့ ဖော်ပြထားပါတယ်။

အခုစမ်းသပ်မှုဟာ အနောက်တိုင်း သိပ္ပံပညာရှင်တွေနဲ့ ဗိုင်းရပ်စ်ဗေဒ ပညာရှင်တွေကို ဒေါသထွက်စေခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့၊ သုံးစားမရတဲ့ စမ်းသပ်မှုတစ်ရပ် ဖြစ်တယ်လို့ လန်ဒန်တက္ကသိုလ်ကောလိပ်ရဲ့ မျိုးဗီဇသိပ္ပံဌာနမှ ကပ်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဖရန်ဆွာဘယ်လောက်က ပြောပါတယ်။

စတန်းဖို့ဒ်တက္ကသိုလ်ရဲ့ ဆေးဘက်ဆိုင်ရာ အငြိမ်းစား ပါမောက္ခ ဂလင်စကီးကလည်း တရုတ်သိပ္ပံပညာရှင်တွေရဲ့ အရူးထမှုကို အချိန်မနှောင်းခင် ရပ်တန့်သင့်တယ်လို့ ဝေဖန်သွားခဲ့ပါတယ်။

Ref: Chinese Lab Creates Mutant Coronavirus-Like Virus with 100% Death Rate in ‘Humanized’ Mice

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top