ဖိလစ်ပိုင်နိုင်ငံမှ လယ်သမားမိသားစုတစ်စုမှာ သားဖြစ်သူ ရွမ်နစ်ဘလန်ကိုအတွက် ကျောင်းတက်ဖို့ဆိုတာ အင်မတန် ခက်ခဲခဲ့ပါတယ်။ ကျောင်းကို ရောက်ဖို့ ၂ နာရီကြာ လမ်းလျှောက်ရပြီး တံတားထိုးမထားတဲ့ မြစ်တစ်စင်းကိုလည်း ဖြတ်ကူးရပါသေးတယ်။ ဒါပေမဲ့ မဆုတ်မနစ် ကြိုးပမ်းမှုက အချည်းနှီး မဖြစ်ခဲ့ပါဘူး။

၂၀၁၁ ခုနှစ်မှာတော့ GreenEarth Heritage ဖောင်ဒေးရှင်း( နွမ်းပါးတဲ့ လယ်သမား သားသမီးတွေကို ကူညီပေးနေတဲ့ ပရဟိတအဖွဲ့)ရဲ့ ထောက်ပံ့မှု ရရှိခဲ့ပြီး အစိုးရကျောင်းတက်ဖို့ လစဉ်ကြေးအပြင် ဖောင်ဒေးရှင်းရဲ့ သင်ကြားရေးစင်တာမှာလည်း အင်္ဂလိပ်စာနဲ့ ကွန်ပျူတာသင်တန်း အခမဲ့ တက်ရောက်ခွင့်ရခဲ့ပါတယ်။
ပညာသင်ယူလိုစိတ် ပြင်းပြတဲ့ ဘလန်ကိုဟာ ဖောင်းဒေးရှင်းရဲ့ သင်တန်းမှာ အခြားကျောင်းသားတွေထက် အင်္ဂလိပ်စာ ပိုတော်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာတော့ ဖိလစ်ပိုင်နိုင်ငံရဲ့ သက်တမ်းအရင့်ဆုံး နိုင်ငံတကာအထက်တန်းကျောင်းဖြစ်တဲ့ International School Manila မှာ ငါးနှစ်ပညာသင်ဆု ရရှိခဲ့ပါတယ်။
၂၀၁၇ ခုနှစ်မှာ အထက်တန်း ပညာရေး အောင်မြင်ပြီးဆုံးခဲ့ပြီးနောက် ဟားဗတ်တက္ကသိုလ်ကနေ အပြည့်အဝ ပညာသင်ဆု ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်မှာတော့ ဟားဗတ်တက္ကသိုလ်ကနေ သမိုင်းနဲ့ နိုင်ငံရေးသိပ္ပံဘွဲ့ ရရှိခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဘလန်ကိုက ဝါရှင်တန်ဒီစီမှာရှိတဲ့ ဒန်ဘာတန် အုတ်ခ်စ် (Dumbarton Oaks) သုတေသနစင်တာမှာ ဒီဂျစ်တယ်မီဒီယာဆိုင်ရာ အကူသုတေသီအဖြစ် လုပ်ကိုင်ခဲ့ပြီး လက်ရှိမှာတော့ ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်း (Investment Banking) နဲ့ ကော်ပိုရိတ်ဘဏ္ဍာရေး အကြံပေးလုပ်ငန်း (Corporate Finance Advisory) တွေမှာ လုပ်ကိုင်လျက် ရှိပါတယ်။
Ref: Son of Filipino farmer who used to walk 2-hours to school gets full Harvard scholarship
NZ (ရိုးရာလေး)

