ခြေနှစ်ဖက်ဆုံးရှုံးခဲ့ရပြီး အထည်ချုပ်စက်ရုံမှာ ပိတ်စမီးပူတိုက်ပေးတဲ့ အလုပ်နဲ့ ဝင်ငွေရှာနေတဲ့ အမျိုးသား

25-8-2020-yyl-031.jpg

တရုတ်နိုင်ငံက မာဖူလုံ (Ma Fulong) ဆိုတဲ့အမျိုးသားဟာ လွန်ခဲ့တဲ့ (၁၃) နှစ်လောက်က ဝူဟိုင်မှာ ရွှေ့ပြောင်းအလုပ်သမားအဖြစ် အလုပ်လုပ်ကိုင်ခဲ့တဲ့အချိန်တုန်းက မတော်တဆမှုတစ်ခုကြောင့် သူ့ခြေထောက်နှစ်ဖက်လုံးကို ဆုံးရှုံးခဲ့ရပါတယ်။ အခုလို ခြေထောက်နှစ်ဖက်စလုံးဆုံးရှုံးလိုက်ရတာကြောင့် သူ့ရဲ့မိသားစုဝင် (၃) ဦးဟာ Benkanggou ရွာမှာ နေထိုင်ရင်း ဆင်းရဲသွားခဲ့ရပါတယ်။ သူ့ဇနီးကလည်း သူ့ကို ပြုစုစောင့်ရှောက်ဖို့အတွက် အိမ်မှာပဲနေခဲ့ရပြီး အလုပ်လုပ်ဖို့အတွက်လည်း အခြားမြို့ကို သွားလို့မရခဲ့တာကြောင့်ပါပဲ။

မာဖူလုံက နောက်ထပ်အလုပ်မရဖို့ မဖြစ်နိုင်တော့ဘူးလို့ တွေးပြီး စိတ်ဓာတ်တွေကျခဲ့ရပါတယ်။ ဒါပေမဲ့ သူဟာ အလုပ်တစ်ခုရခဲ့ပြီး စားနိုင်သောက်နိုင်အခြေအနေ ဖြစ်လာခဲ့ပါတယ်။ ချင်ဟိုင် (Qinghai) စီရင်စုရဲ့မြို့ ရှီနင်က Xichuan Prison က မာဖူလုံရဲ့ရွာကို အဝတ်ချုပ်စက် (၄၂) လုံး လှူဒါန်းပေးခဲ့ပြီးတဲ့နောက်မှာ မာဖူလုံရဲ့ဘဝပြောင်းလဲသွားခဲ့ရပါတယ်။ ဒေသတွင်းအာဏာပိုင်တွေက စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု ကနေတဆင့် ဆင်းရဲမွဲတေမှုကို လျော့ပါးသွားစေဖို့ ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။ ရွာမှာ နေထိုင်သူ (၄၄၇) ဦးမှာ လေးပုံတစ်ပုံက ၂၀၁၅ခုနှစ်မှာ ဆင်းရဲတဲ့သူတွေအဖြစ် စာရင်းဝင်ခဲ့ပါတယ်။ အာဏာပိုင်တွေက အဝတ်ချုပ်စက်တွေနဲ့အတူ စက်ချုပ်ပညာကိုလည်း ရွာသူရွာသား (၅၀) ကျော်ကို အခမဲ့လေ့ကျင့်သင်ကြားပေးခဲ့ပြီး မကြာခင်မှာပဲ အထည်စက်ရုံတစ်ခုကို တည်ထောင်ခဲ့ပါတယ်။

မာဖူလုံရဲ့ရွာနဲ့ အထည်ထုတ်လုပ်ရောင်းချတဲ့ကုမ္ပဏီ Hanifu တို့ ပူပေါင်းပြီး ၂၀၁၇ခုနှစ်မှာ ရွာကို ကုမ္ပဏီအတွက် အထည်ထုတ်လုပ်တဲ့နေရာအဖြစ် ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီနောက်မှာ မာဖူလုံကလည်း အဲဒီအထည်စက်ရုံမှာ အလုပ်ရခဲ့တဲ့ ရွာသူရွာသားတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ မာဖူလုံနဲ့ သူ့ဇနီးတို့က အခြားဆင်းရဲတဲ့ရွာသူရွာသား (၁၁) ဦးနဲ့အတူ အထည်စက်ရုံမှာ အလုပ်လုပ်ခဲ့ကြပါတယ်။ သူဟာ မသန်စွမ်းပေမယ့် အထည်တွေကို မီးပူတိုက်ပေးရတဲ့သူအဖြစ် အလုပ်လုပ်ရတာ အခက်အခဲမရှိခဲ့ပါဘူး။ သူက ဝှီးချဲမှာထိုင်ရင်းနဲ့ အဝတ်စအစိတ်အပိုင်း သေးသေးလေးတွေကို ကျွမ်းကျင်စွာမီးပူတိုက်ပြီး ၁ စက္ကန့်နဲ့ အဝတ်စအပိုင်းတစ်ခုကို ပြီးအောင်တိုက်နိုင်ပါတယ်။ သူ မီးပူတိုက်ခဲ့တဲ့ အဝတ်စအပိုင်းသေးသေး (၂၀) ကို (၁) ယွမ်ပဲ ရပေမယ့် တစ်လကို ယွမ် (၁၂၀၀) ကနေ ယွမ် (၂၈၀၀) အထိ ရအောင်လုပ်နိုင်ခဲ့ပါတယ်။

စက်ရုံမှာအလုပ်လုပ်ကြတဲ့ ရွာသူရွာသား (၄၀) ကျော်ကလည်း သူတို့ပြီးတဲ့အရေအတွက်ပေါ်မူတည်ပြီး အခကြေးငွေရကြပါတယ်။ “ကျွန်တော် နောက်ထပ်အလုပ်ပြန်လုပ်နိုင်လိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ ကျွန်တော့်အိမ်အနီးနားမှာ အလုပ်လုပ်ရလိမ့်မယ်လို့လည်း ကျွန်တော် မမျှော်လင့်ခဲ့မိပါဘူး”လို့ မာဖူလုံက ပြောပါတယ်။ မာဖူလုံက ဝှီးချဲနဲ့ သူ့အလုပ်ရုံကနေ အိမ်ပြန်ရင် အချိန် (၂) မိနစ်ပဲ ကြာတယ်လို့ ဆိုပါတယ်။အခုဆိုရင် အလုပ်ရုံက တစ်နှစ်ကို အထည် (၃၀,၀၀၀) ထွက်ပြီး အထည်အားလုံးကို မလေးရှားလို နိုင်ငံရပ်ခြားကို တင်ပို့တယ်လို့ စက်ရုံခေါင်းဆောင် ကွေဟိုင်ကျုံက ပြောပါတယ်။

“ကျွန်တော်တို့ အလုပ်ချိန်သတ်မှတ်မထားပါဘူး။ ရွာသူရွာသားတွေက သူတို့အားတဲ့အချိန်လာနိုင်ပါတယ်။ သူတို့ရဲ့လယ်မှာ တစ်ခုခုလုပ်စရာရှိရင် (ဒါမှမဟုတ်) ကလေးတွေကို ကျောင်းပို့စရာ၊ ကျောင်းကြိုစရာရှိရင် အလုပ်ကနေသွားလို့ရပါတယ်”လို့ ကွေဟိုင်ကျုံက ပြောပါတယ်။ ရွာသူရွာသားတွေက တစ်လကို အနည်းဆုံး ယွမ် (၁၀၀၀) ရကြပြီး တချို့ဆို တစ်လကို ယွမ် (၄၀၀၀) ရအောင်တောင် လုပ်နိုင်ကြတယ်လို့လည်း ဆိုပါတယ်။

၂၀၁၈ခုနှစ်အောက်တိုဘာလမှာ ရွာက လူတွေအားလုံးဟာ ဆင်းရဲမွဲတေမှုကို ဖယ်ရှားနိုင်ခဲ့တဲ့အတွက် ဒေသတွင်းအစိုးရက နောက်ထပ်ရွာသူရွာသားတွေရဲ့ ဘဝတွေတိုးတက်စေဖို့ အလုပ်တွေနဲ့ စီးပွားရေးအခွင့်အလမ်းတွေ ဖန်တီးပေးဖို့ အားထုတ်နေပါတယ်။ အဲဒီရွာမှာ အလည်အပတ်လာရောက်သူတွေကို ဆွဲဆောင်ဖို့အတွက် ပန်းခင်းကြီးနဲ့ အပန်းဖြေပန်းခြံကို ယွမ် (၃၄.၈) သန်း ရင်းနှီးမြှုပ်နှံကာ တည်ဆောက်နေပြီး မကြာခင် ပြီးမြောက်ဖို့ မျှော်လင့်ရပါတယ်။ ဒီပရောဂျက်က ပြီးမြောက်တော့မှာဖြစ်တဲ့အတွက် ရွာသူရွာသားတွေက အလုပ်အကိုင်အခွင့်အလမ်း ရရှိတော့မှာဖြစ်ပါတယ်။ ဒီပရောဂျက်က ရွာသူရွာသားတွေကို အလုပ်အကိုင် (၂၀၀) ထောက်ပံ့ပေးဖို့နဲ့ ယွမ် ၃၅၀၀ ကနေ ယွမ် ၆၀၀၀ ကျော်အထိ ဝင်ငွေတွေတိုးလာဖို့ မျှော်လင့်ရပါတယ်။

Ref: AsiaOne “Chinese man who lost legs irons his way out of poverty”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top