ရောဂါကူးစက်မှု မြင့်တက်လာလို့ တောင်ကိုရီးယားမှာ စာသင်ကျောင်းတွေ ပိတ်လိုက်ပြီ

25-8-2020-yyl-028.jpg

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တစ်ကျော့ပြန် မြင့်တက်လာပြီးနောက် ဆိုးလ်မြို့တော်တစ်ဝိုက်မှာရှိတဲ့ စာသင်ကျောင်းတွေနဲ့ မူကြိုကျောင်းအားလုံးကို ပိတ်ဖို့ ညွှန်ကြားလိုက်ပါပြီ။ ပြီးခဲ့တဲ့ သီတင်းပတ် ၂ ပတ်အတွင်း ဆိုးလ်မြို့တော်တစ်ဝိုက်မှာရှိတဲ့ ကျောင်းဝန်ထမ်းတွေနဲ့ ကျောင်းသား၊ ကျောင်းသူ ၂၀၀ လောက် ရောဂါကူးစက်ခံခဲ့ရပါတယ်။ အဲဒီအတွက် စာသင်ကျောင်းတွေကို ပိတ်လိုက်ပြီး စက်တင်ဘာလ ၁၁ ရက်အထိ အွန်လိုင်းကနေ စာသင်ကြားသွားမယ်လို့ တောင်ကိုရီးယားနိုင်ငံ ပညာရေးဝန်ကြီးဌာနက ပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ကြုံတွေ့ရဖွယ်ရှိနေတယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက သတိပေးထားပါတယ်။

လူဦးရေ ၂၅ သန်းကျော် နေထိုင်တဲ့ ဆိုးလ်မြို့တစ်ဝိုက်က ကျောင်းသား၊ ကျောင်းသူအားလုံး အွန်လိုင်းကနေ စာသင်ကြားရမှာဖြစ်ပေမဲ့ လာမယ့်ဒီဇင်ဘာလမှာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွေ ဖြေဆိုရမယ့် အထက်တန်းကျောင်း နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူတွေကတော့ ခြွင်းချက်အနေနဲ့ ကျောင်းတွင်း ပညာရေးသင်ကြားခွင့် ရရှိမှာပါ။ ကျောင်းသား၊ ကျောင်းသူ ၆၀ ထက် နည်းတဲ့ ကျောင်းတွေနဲ့ အထူးပညာသင်ကြားရေး ကျောင်းတွေကတော့ ပညာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေအတိုင်း ကျောင်းပိတ်မလား၊ ကျောင်းဆက်ဖွင့်မလားဆိုတာကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရရှိထားပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကျဆင်းသွားခဲ့လို့ မေလ ၂၀ ရက်နဲ့ ဇွန်လ ၁ ရက်ကြားကာလမှာ တောင်ကိုရီးယားနိုင်ငံရဲ့ စာသင်ကျောင်းအများစုကို ပြန်ဖွင့်ခဲ့တာပါ။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၇,၉၄၅ ယောက်၊ သေဆုံးသူ ၃၁၀ ရှိတဲ့ တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာ့ကပ်ရောဂါကို တွန်းလှန်တိုက်ဖျက်ရာမှာ အောင်မြင်မှုရခဲ့တဲ့ စံပြနိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ ရောဂါကူးစက်မှုတွေ တစ်ကျော့ပြန် မြင့်တက်လာခဲ့တာပါ။ အထူးသဖြင့် ဆိုးလ်မြို့တော်တစ်ဝိုက်မှာ ရောဂါကူးစက်မှုတွေ သိသိသာသာ မြင့်တက်ခဲ့ပါတယ်။ အရင်တုန်းက လူနာသစ် ၃၀ အောက်ပဲ ရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့ ၁၂ ရက်ဆက်တိုက် လူနာသစ် ရာဂဏန်းရှိခဲ့ပြီး သြဂုတ်လ ၂၅ ရက်မှာ လူနာသစ် ၂၈၀ ရှိခဲ့ပါတယ်။ အများပြည်သူဆိုင်ရာ နေရာတွေမှာ အဆောက်အအုံအတွင်းမှာရော၊ အပြင်မှာရော နှာခေါင်းစည်း မဖြစ်မနေ ဝတ်ဆင်ကြဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပြီး ဘုရားကျောင်းတွေ၊ ညကလပ်တွေ၊ ကာရာအိုကေတွေကိုလည်း ပိတ်ထားပါတယ်။

Ref: BBC ” Covid-19: South Korea closes Seoul schools amid rise in cases”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top